တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနား တက်ရောက် ဖွင့်လှစ်ပေးပြီး ဆုများချီးမြှင့်

ပုသိမ် ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးတို့နှင့်အတူ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကျင်းပပေးခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း တက်ညီလက်ညီ အသင်းအဖွဲ့များ စုံလင်စွာဖြင့် ရောက်ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်ကြရန် အသင့်ဖြစ်နေကြပြီဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်စည်းကမ်းများကိုလည်း ကြိုတင်သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးအောင် ယှဉ်ပြိုင်ကြရန်နှင့် တက်ညီလက်ညီ ပျော်ပျော်ရွှင်ရွှင်ဖြင့် ယှဉ်ပြိုင်ကြစေလိုကြောင်းနှင့် အမှတ်ပေးရာတွင် ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်ရန်ဖြစ်ကြောင်း” ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်္ဂလာရွှေမောင်းအား တီးခတ်၍ ပြိုင်ပွဲအားစတင်ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်များ၏ ထမနဲထိုးယှဉ်ပြိုင်နေမှုများနှင့် အိုးစည်၊ ဗုံမောင်းများဖြင့် တီးမှုတ်ကခုန်အားပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ရာ ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို လူမှုရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ တတိယဆုရရှိသည့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့အသင်း၊ ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအသင်းနှင့် ပထမဆုရရှိသည့် တိုင်းဒေသကြီးအ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းတို့အား ဆုဖလားများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုတိုင်းဒေသကြီးဝန်ကြီးချုပ် ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်အသင်း (၁)သင်း၊ ဌာနဆိုင်ရာ (၁၆)သင်း၊ ရပ်ကွက်(၁၅)သင်း စုစုပေါင်း (၃၂)သင်းတို့က မြိုင်ဆိုင်စည်ကားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

01-Feb-2026