ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာအရှေ့တိုင်းဘဏ် (MOB) နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI) တို့အကြားနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားတက်ရောက်
ပုသိမ် ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် မြန်မာအရှေ့တိုင်းဘဏ် (MOB)နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI) တို့အကြားနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧရာ၀တီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာအရှေ့တိုင်းဘဏ် (MOB)မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(ARCCI)သည် တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် အင်တိုက်အားတိုက်ဖြင့် အသင်းအဖွဲ့များစုစည်း၍ တက်ညီလက်ညီ ဆောင်ရွက်နေသည့် အသင်းအဖွဲ့ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မြန်မာအရှေ့တိုင်းဘဏ် (MOB) နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI) တို့အကြားနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် တိုင်းဒေသကြီးအတွက်လည်း မင်္ဂလာရှိသည့်နေ့ဟု ပြောရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ ပေါ်ပေါက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာပြီး တစ်ဦးချင်းဝင်ငွေများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံများပြုလုပ်ရန် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရာတွင် ဘဏ်များ၏ပံ့ပိုးကူညီမှုသည်လည်း အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ ရေသယံဇာတ၊ မြေသယံဇာတ၊ လူ့စွမ်းအား အရင်းအမြစ်ပေါကြွယ်ဝမှုများကို အခြေခံ၍ MSME လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီး ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးမည်ဆိုပါက ကုန်ကြမ်းများထုတ်လုပ်သော အဆင့်မှ ကုန်ချောများထုတ်လုပ်လာနိုင်မည်ဖြစ်သောကြောင့် ဧရာဝတီတိုင်းဒေသကြီး၏ စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP) လည်း မြင့်တက်လာမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား မြန်မာအရှေ့တိုင်းဘဏ်လီမိတက်မှအမှတ်တရလက်ဆောင်နှင့် MSMEs ရန်ပုံငွေအတွက် အလှူငွေများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက နားလည်မှု့ဆိုင်ရာ စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအတွက် ကြိုဆိုနှုန်ခွန်းဆက်စကားနှင့် မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ဥက္ကဌမှ နားလည်မှု ဆိုင်ရာ စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအတွက် ရှင်းလင်းတင်ပြခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI)နှင့် မြန်မာအရှေ့တိုင်းဘဏ် (MOB)တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။