ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ် ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် (၆၄)နှစ် မြောက်တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန်အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာသို့သွားရောက်၍ (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ယာဉ်ရပ်နားကွင်းနေရာ လျာထားဆောင်ရွက်မှု၊ နေကြာစံပြစိုက်ခင်းများကို အိန္ဒိယနေကြာမျိုးဖြင့် စိုက်ပျိုးထားရှိမှု၊ Nano နည်းပညာဖြင့် Plasma Radiation ပေးကာ စမ်းသပ်စိုက်ပျိုးထားရှိမှု၊ တောင်သူလယ်သမားနေ့တွင် တောင်သူနှီးနှောဖလှယ်ပွဲများ ဆောင်ရွက်ရန် မဏ္ဍပ်ဆောက်လုပ်မည့် အခြေအနေ၊ ဖိုးတောင်သူတဲဖြင့် အိမ်ခြံဝန်းဟင်းခတ်ပဒေသာအဖြစ် ဟင်းသီးဟင်းရွက်စိုက်ခင်းများ ဆောင်ရွက်မည့်အခြေအနေ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီထွက်ပဲပုပ်၊ပန်းနှမ်းစသည့် ဆီထွက်သီးနှံစိုက်ခင်း များ ဆောင်ရွက်မည့်အခြေအနေ၊ ရော်ဘာ၊ ကော်ဖီ၊ သီဟိုဋ်၊ ကိုကိုး၊ ငရုတ်ကောင်း၊ ရှောက်၊ သံပုရာ၊ကျွဲကော်၊ ဒူးရင်း၊ ကြက်မောက် စသည့် နှစ်ရှည်ပင် ပျိုးပင်များ ပြသဆောင်ရွက်မည့် အခြေအနေ၊ သဘာဝမြေသြဇာ၊ သဘာဝပိုးသတ်ဆေးများ လက်တွေ့ဖော်စပ်ပြသမည့် အခြေအနေများ၊ အစေ့ထုတ်ပြောင်း စိုက်ခင်းများ၊ အဓိကသီးနှံ ၁၃မျိုး စိုက်ပျိုးပြသမည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူလယ်သမားနေ့အမီ ပြီးစီးနိုင်ရေး၊ ယခင်နှစ်များကထက် ပိုမိုပြသဆောင်ရွက်နိုင်ရေး ဖြည့်စွက် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုဆိပ်ခံတားနှင့် ဥမ္မာဒန္တီဆိပ်ခံတံတားအကြားကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား(Jetty) အလျား(၁၀၀)ပေတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ကြံ့ခိုင်မှုရှိစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

30-Jan-2026