ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ဓာတုဝိဇ္ဇာပရိယတ္တိပဋိပတ္တိကျောင်းတိုက်တွင်ပြုလုပ်သည့် “ဂုဏ်ရည်ဖြူ သုံးထပ်ကျောင်းဆောင်” ဖွင့်ပွဲနှင့် ကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားတက်ရောက်
ပုသိမ် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ ပဋိပတ္တိကျောင်းတိုက်တွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးမိသားစုက ဦးဆောင် မတည်၍ (၇)ရက်သားသမီး အလှူရှင်များက ဆောက်လုပ်လှူဒါန်းသော“ဂုဏ်ရည်ဖြူ သုံးထပ် ကျောင်းဆောင်” ဖွင့်ပွဲနှင့် ကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး မိသားစု တို့က မင်္ဂလာအချိန်တွင် “ဂုဏ်ရည်ဖြူသုံးထပ်ကျောင်းဆောင်” ဆိုင်းဘုတ်နှင့်ကမ္ပည်းမော်ကွန်း အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ဆက်လက် ပြုလုပ်ရာ နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိသုတ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော် မူသော ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုကြသည်။ ယင်းနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစုနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီစသည့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။
ဆက်လက်၍ သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းလှူဒါန်း ကြောင်းကို ကြိုတင်လျှောက်ထားကာ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် တိုင်းဒေသကြီးသံဃ နာယကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။ ယင်းနောက် ရတနာရွှေမိုး ငွေမိုး ရွာသွန်းဖြိုးကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ကြွရောက်တော် မူလာကြသည့် ဆရာတော်အရှင်သူမြတ်များနှင့် ဓာတုဝိဇ္ဇာ ပရိယတ္တိ ပဋိပတ္တိ ကျောင်းတိုက်တွင် သီတင်းသုံးတော်မူကြသည့် စာသင်သားသံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့်၎င်းတို့၏ဇနီးများသည် ယမန်နေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့ မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် သို့သွားရောက်၍ မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပြီး လာဘသိဒ္ဓိအောင် ရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်နိုင်ရေးအတွက် အလှူငွေများ လှူဒါန်းပေးအပ်ခဲ့သည်။