ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇန်နဝါရီ ၂၆

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ အားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့အဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကဲ့သို့ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရသည့် ရည်ရွယ်ချက်မှာ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်နှီးမှု ခိုင်မာလာစေရေး၊ ဘာသာရပ်တစ်ခုနှင့်တစ်ခုအပြန်အလှန် ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ရေး၊ ဗလငါးတန် ပြည်ဝစေရေး အစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဖူဆယ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအနေဖြင့် အားကစားသမားကောင်းများပီသစွာ ယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် တိုင်းဒေသကြီးဂုဏ်‌ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြသည့် အားကစားသမားကောင်းများဖြစ်အောင်ကြိုးစားကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ကို ဖွင့်လှစ်ပေးကာ ချီးမြှင့်ငွေများပေးအပ်ရာ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က လက်ခံခဲ့ပါသည်။

ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရူပဗေဒအသင်းနှင့် အရှေ့တိုင်းပညာအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ယခုလ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား(၁၃)သင်းနှင့်အမျိုးသမီး(၆)သင်းတို့ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

26-Jan-2026