ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြည်မြို့၊ ဒီပါမုနိဘယရန်အောင်ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋီကျောင်းဆောင်တော် တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲသို့တက်ရောက်

ပုသိမ် ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ရေကြည်မြို့၊ ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ပရဝဏ်အတွင်း တည်ထားကိုးကွယ်တော်မူသည့် ဒီပါမုနိဘယရန်အောင်ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋီကျောင်းဆောင်တော် တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲသို့တက်ရောက်ခဲ့သည်။ ဦးစွာ အခမ်းအနားကို“ နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် ရေကြည်မြို့၊ ဒီပါရုမ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များက (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြပြီးနောက် အလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးမိသားစုက လှူဒါန်းသော အလှူငွေများကို ဂန္ဓကုဋီကျောင်းဆောင်တော် တည်ဆောက်ရေးအကျိုးတော်ဆောင်ဥက္ကဋ္ဌကလည်းကောင်း၊ အလှူရှင်များလှူဒါန်းသော အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ရေကြည်မြို့၊ မင်္ဂလာရာမကျောင်းတိုက်ဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည် တော်များက အနုမောဒနာတရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဒီပါမုနိဘယရန်အောင်ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋီကျောင်းဆောင်တော် တည်ဆောက်ထားရှိမှုအခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ ငှက်ပျောတောကွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦအတွက် မြေနေရာလှူဒါန်းခဲ့သော အလှူရှင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီးနောက် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦ အတွင်းအပြင် သန့်ရှင်းမှုရှ်ိစေရေး၊ ဆေးခန်းသုံးပစ္စည်းများ စနစ်တကျထားရှိစေရေးနှင့်ရေရှည်တည်တံ့မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

24-Jan-2026