ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမည့် မြို့နယ်များမှ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး
ပုသိမ် ဇန်နဝါရီ ၂၄
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယခုလ(၂၅)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပြည်သူများဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ မဲရုံအမှတ်(၃)နှင့် လိပ်ချောင်းကျေးရွာအုပ်စု၊ မဲရုံအမှတ်(၁)သို့ သွားရောက်၍ မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးရာ ဆန္ဒမဲလာရောက်ပေးသူများအား စနစ်တကျနှင့် အလွယ်တကူမဲပေးနိုင်ရေး၊ကြန့်ကြာမှုမရှိစေရေး၊ မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ မဲပေးစက်များချွတ်ယွင်းမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း( ၁)နှင့်အပိုင်း (၂) ကို ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ အားနည်းချက် အားသာချက်များကို ပြင်ဆင်ဆောင်ရွက်ရန်၊ မဲပေးခွင့်ရှိသူအားလုံး သတ်မှတ်မဲရုံအတွင်းအချိန်မီရောက်ရှိရေးအတွက် လိုအပ်သည့် ပို့ဆောင်ရေးယာဉ်များကို ပြင်ဆင်ထားရှိရန်မှာကြားကာ မဲပေးစက်များ လက်တွေ့စမ်းသပ်မှုများ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု၊ မဲရုံအမှတ်(၁)သို့သွားရောက်၍ မဲရုံပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးရာ ပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအတွင်းအပြင် လုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်၊ ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်တို့ကိုမှာကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာအုပ်စု၊ မဲရုံအမှတ်(၁)၊ ညောင်ပင်ဈေးရပ်ကွက်၊ မဲရုံအမှတ်(၃)နှင့် ဇလွန်မြို့၊ အထက (၁)၊ ညောင်ပင်ဈေးရပ်ကွက်၊ မဲရုံအမှတ်(၁)တို့တွင် ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး၊ ကြန့်ကြာမှုမရှိစေရေး၊ မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်၊ ပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအတွင်းအပြင် လုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်နှင့်လိုအပ်သည်များကိုမှာကြားခဲ့သည်။