ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ရေကြည်မြို့နယ်၊ ကြာအင်းကျေးရွာအခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
ပုသိမ် ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ ကြာအင်းကျေးရွာအခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်တွင် ပညာရေးဝန်ကြီးဌာနဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆောက်အဦများဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း အခြားလိုအပ်ချက်များကို ဘဏ္ဍာနှစ်အလိုက်လျာထားဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့တွင် ပညာသင်နှစ်မပြီးဆုံးမီ ကျောင်းဆောင်သစ်ကို ဖွင့်လှစ်ပေးနိုင်ပြီဖြစ်၍ ကျောင်းသား၊ ကျောင်းသူလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်တော့မည်ဖြစ်ပါကြောင်း၊ အတန်းစဉ်ကူးပြောင်းမှုမြင့်မားရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးကိုလည်း ဆရာ၊ မိဘပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကားများပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား ကျောင်းသား၊ ကျောင်းသူလေးများက ဒေသထွက်လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ရေကြည်မြို့နယ်၊ ကြာအင်းကျေးရွာအခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်အား ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး (၉၀ပေ×၃၀ပေ) RCတစ်ထပ်ကျောင်းဆောင်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ တဇောင်းရိုးကျေးရွာ ပစ်တိုင်းထောင်ဆန်စက်သို့ သွားရောက်၍ နွားရေတိုက်ကျေးရွာမှထွက်ရှိသည့် ဓာတုကင်းလွတ်ပေါ်ဆန်း ကြိတ်ခွဲနေမှုနှင့် ထမင်းနမူနာချက်ပြုတ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။