ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသုတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်ဇေယျကွန်ကရစ်လမ်းသစ်နှင့် ဘုန်းကြီးလမ်းကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် ဇန်နဝါရီ ၂၁
(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၃) ရပ်ကွက်၊ အောင်ဇေယျကွန်ကရစ်လမ်းသစ်နှင့် ဘုန်းကြီးလမ်းကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းသစ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေများဖြင့် နေရာအကြားအလပ်မရှိ လမ်းတံတားများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အလှူရှင်အသီးသီး၏ လှူဒါန်းမှုများဖြင့်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် အခြေပညာကျောင်းတက်ရောက်မှုများသည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှ ကျောင်းသို့အချိန်မီရောက်ရှိစေမည်ဖြစ်သည့်အပြင် မိဘများကလည်းမိမိတို့သားသမီးများကို ကျောင်းတက်၊ ကျောင်းဆင်းပို့ဆောင်ခြင်း ကိစ္စရပ်များကိုလုံခြုံစိတ်ချစွာ ဆောင်ရွက်စေနိုင်မည်ဖြစ်ပါကြောင်း” ပြောကြားပြီး အသုတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်ဇေယျကွန်ကရစ်လမ်းသစ်နှင့် ဘုန်းကြီးလမ်းကတ္တရာလမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား အလှူရှင်မိသားစုမှကွန်ကရစ်လမ်းသစ်နှင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းအား ပေးအပ်ခဲ့သည်။ ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်နှင့် ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် အသုတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊အောင်ဇေယျလမ်းသည် ၂၀၂၄- ၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ရေကြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (၅၈၅x၁၂x၆”)အားကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီးကျန်ရှိသော (၆၄၀'x ၁၂’x၆”) အား ဦးထွန်းဟန်+ဒေါ်ကျင်မေအား အမှူးထား၍ မြတ်မေတ္တာမွန်စက်သုံးဆီရောင်းဝယ်ရေးမိသားစုမှ ကွန်ကရစ်လမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပြီးစီးခြင်းဖြစ်သည်။ ထို့အတူ ဘုန်းကြီးလမ်းသည် ၂၁၉၄ ပေ ရှည်လျားပြီး ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင်ဦးတိလောက အား အမှူးထား၍ ဆရာမဒေါ်ကျင်သောင်း မြတ်မေတ္တာမွန်မိသားစုမှလမ်းအရှည် (၂၁၉၄’x၁၃’x၆”) နှင့် ၎င်းလမ်းပေါ်ရှိ Box Culvert (၂)စင်းလှူဒါန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးမှု၊ လမ်းသူလမ်းသားများ၏ စုပေါင်းထည့်ဝင်ငွေ၊ အလှူရှင် ဦးစံအောင်+ဒေါ်လှငွေ မိသားစု၏ မတည်လှူဒါန်းငွေဖြင့်ဆောင်ရွက်သော အသုတ်မြို့၊ ဆေးရုံကွက်သစ် (၂)လမ်း၊ အလျား(၁၂၈၀)၊အကျယ်(၁၂)ပေ၊ထု(၉) လက်မ ရှိ ကွန်ကရစ်လမ်းအဖြစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများသည် လမ်းဖွင့်ပွဲအထိမ်းအမှတ် မုခ်ဦးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်နှင့် ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အသုတ်မြို့နန္ဒာရုံကျောင်းတိုက် ဆရာတော်အားဖူးမြော်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။