ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မော်လမြိုင်ကျွန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
ပုသိမ် ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ လှည်းဆိပ်ကျေးရွာတွင် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဆက်လက်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ ကျေးရွာ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ လှည်းဆိပ်ကျေးရွာ၊ ရှာလေကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ပြုလုပ်သည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးစသည့် ကဏ္ဍများကို ဘဏ္ဍာနှစ်အလိုက် လျာထားဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်လျက်ရှိပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့်(၂)ကို ဧရာဝတီတိုင်းဒေသကြီးမှ မဲပေးမှုရာခိုင်နှုန်း အများဆုံးဖြင့် ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါကြောင်းနှင့် အပိုင်း(၃)ကိုလည်း အပိုင်း(၁)နှင့်အပိုင်း(၂)၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါကြောင်း၊ တိုင်းဒေသကြီးအား စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန်နှင့် စိုက်ဧကများပြည့်မီရေး၊ သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ၏ လယ်ယာမြေများတွင် မြေဆီလွှာပျက်စီးမှုကို ပြန်လည်ကောင်းမွန်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များကို ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းတွင် ထည့်သွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊ ၊ အားကစားကဏ္ဍတွင်လည်း အားကစားရုံများပြုပြင်တည်ဆောက်ခြင်း၊ အားကစားကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်ဧကများပြည့်မီရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။