ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း( ၁)နှင့်အပိုင်း (၂) ကို ဆောင်ရွက်ပြီးစီးဖြစ်ရာ အားနည်းချက် အားသာချက်များကို ပြင်ဆင်ဆောင်ရွက်ထားရှိ၍ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ မဲရုံများတွင် မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)များ အချိန်မီရောက်ရှိရေးနှင့် လိုအပ်သည့်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ အစွန်အဖျားကျေးရွာများရှိ မဲပေးခွင့်ရှိသူအားလုံး သတ်မှတ်မဲရုံအတွင်းအချိန်မီရောက်ရှိရေးအတွက် လိုအပ်သည့် ပို့ဆောင်ရေးယာဉ်များကို ပြင်ဆင်ထားရှိရန်လိုပါကြောင်း၊ ဆန္ဒမဲပေးသူများ အေးချမ်းလုံခြုံစွာ မဲပေးနိုင်ရေး အတွက်လည်း လိုအပ်သည်များကို ကြိုတင်စီမံဆောင်ရွက်ထားရှိရန်လိုပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်များအနေဖြင့်လည်း အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အားအောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်ချက်များ အချိန်မီတင်ပြပေးကြရန်” အမှာစကားကြားသည်။ ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစည်းအဝေးသို့တက်ရောက်လာသူများက မဲရုံများဖွင့်လှစ်ထားရှိမှုများများနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ မဲရုံများသို့ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ မဲရုံများသို့ အချိန်မီပေးပို့နိုင်‌ရေးနှင့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးယာဉ်များစီစဉ်ဆောင်ရွက်ထားရှိမှုများ၊ အရံမဲပေးစက်များ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ လှူဒါန်းသည့် သိန်း(၁၅ဝ)၊ အလှူရှင်မှလှူဒါန်းငွေသိန်း(၅၀)၊ စုစုပေါင်းသိန်း(၂၀၀)ဖြင့်ဆောက်လုပ်သည့် “ပညာပျိုးပင်” စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့တွင် ကျင်းပခဲ့ရာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမ်းနီကျေးရွာ“ပညာပျိုးပင်” စာကြည့်တိုက်အဆောက်အဦသစ်အား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။ယင်းနောက် ပညာပျိုးပင်စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ခဲ့ပြီး စာကြည့်တိုက်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

20-Jan-2026