ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လေးမျက်နှာမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာနှင့်ဆီထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်

ပုသိမ် ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာနှင့်ဆီ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က“အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်ရိက္ခာနှင့်ဆီများ ထောက်ပံ့ခြင်းဖြစ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ လူတစ်ဦးလျှင်တစ်လ ကျပ်(၂)သောင်းနှုန်းဖြင့်ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)၊ (၂)ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အပိုင်း(၃)ကိုလည်း ယခုလအတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူး‌ပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် အခက်အခဲများရှိပါကလည်း တင်ပြကြရန်လိုပါ‌ကြောင်း” အားပေးစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာနှင့် ဆီများထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ မတည်ငွေကျပ်သိန်း(၁၅၀)ဖြင့်ဆောက်လုပ်သော လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ ရောင်ခြည်ဦးစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကရောင်ခြည်ဦးစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ် စာစောင်များကိုလည်းကောင်း၊ အလှူရှင်များက ၃၂လက်မ TVနှင့်Canal Plus စက်အားလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ရိုက်ကူး၍ စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

16-Jan-2026