ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် အင်္ဂပူမြို့နယ်၊ ရွှေလှေကွင်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ရွှေလှေကွင်းကျေးရွာတွင် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူအင်္ဂပူမြို့နယ်၊ ရွှေလှေကွင်းကျေးရွာ ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ခရိုင်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ကာ ကုန်ထုတ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကာ Grade-12သင် ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာ၊ မြတ်ဓမ္မရောင်ခြည် သာသနာ့ဗိမာန်တော်တွင် ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာနှင့်ဆီ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ လူတစ်ဦးလျှင်တစ်လ ကျပ်(၂)သောင်းနှုန်းဖြင့်ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုကလည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများ၏ လိုအပ်ချက်များကိုလည်း တိုင်းဒေသကြီးအစိုးအဖွဲ့အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာနှင့် ဆီများထောက်ပံ့ပေးအပ်ခဲ့သည်။