ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ဓနုဖြူမြို့နယ်၊ လင်းလွန်းပင်ကျေးရွာ လျှပ်စစ်မီးစစ်မီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
ပုသိမ် ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ လင်းလွန်းပင်ကျေးရွာအုပ်စု၊ လင်းလွန်းပင်ကျေးရွာ ကျေးရွာလျှပ်စစ်မီးစစ်မီးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လျှပ်စစ်မီးဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စံကင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ ၊ ဓနုဖြူမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ)သို့လည်းကောင်း သွားရောက်ကာ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကာ Grade-12သင် ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပုကွန်ကျေးရွာ သာသနာ့ရက္ခိတကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက်ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အင်္ဂပူမြို့နယ်တွင် ကညင်ဆည်ရေအားလျှပ်စစ်စီမံကိန်း (10)MW နှင့် ဆိုလာစနစ်ဖြင့်ဖြင့် (20)MW လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားရရှိပါက မဟာဓာတ်အားလိုင်းနှင့်ချိတ်ဆက်၍ တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှ ထွက်ရှိသည့် စပါးခွံများကိုလည်း စပါးခွံ လောင်စာသုံး Gasifier စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်မီးရရှိပါက နယ်မြေဒေသများသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်းများစွာလည်းထွက်ရှိပါကြောင်း၊ ၂၀၂၅ခုနှစ်၊ တက္ကသိုဝင်စာမေးပွဲတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးမွေးမြူရေးကို အထောက်အကူပြုမည့် မြန်မာနိုင်ငံ၏ ဒုတိယ မြောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ဒေသအတွက်လိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြပေးကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။