ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ Polytechnic University (Maubin)၏ ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်
ပုသိမ် ဇန်နဝါရီ ၁၅
၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ Polytechnic University (Maubin)၏ ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက Polytechnic University (Maubin)သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ Polytechnic University ဆိုသည်မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်များနှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများအထိ လက်တွေ့ လေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ချပေးသည့်တက္ကသိုလ်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝန်းများအတွင်း အရိပ်ရလေကာပင်များ စိုက်ပျိုးရန်နှင့် တက္ကသိုလ်၏ပုံရိပ်ကို ပေါ်လွင်စေသည့် ကံ့ကော်၊ စိန်ပန်း၊ ပိတောက်ကဲ့သို့သော အပင်များ စိုက်ပျိုးရန်လိုပါကြောင်း၊ ယနေ့ကာလသည် သိပ္ပံနှင့်နည်းပညာများ တိုးတက်လာမှုကြောင့် နိုင်ငံတိုင်း၏ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ဝတ်စားဆင်ယင်မှုပုံစံများ မပျောက် ပျက်အောင် ထိန်းသိမ်းရာမှာ စိန်ခေါ်မှုများ ကြုံတွေ့နေကြရပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမျိုးသားရေးဆိုင်ရာ လက္ခဏာများ မပျောက်ပျက်အောင် ထိန်သိမ်းရန်အတွက် အားလုံးမှာ တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်၏ သိပ္ပံ ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခြင်းသည် အရေးပါသောကဏ္ဍဖြစ်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် မောင်းနှင်အားလည်းဖြစ်ပါကြောင်း၊ သိပ္ပံနှင့် နည်းပညာကို လူသားအကျိုးပြု၊ နိုင်ငံအကျိုးပြုဖြစ်စေရန် တာဝန်ယူမှုရှိစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုပါကြောင်း" ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားပြီး Polytechnic University (Maubin)အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ Polytechnic University (Maubin)မှ ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာတရေးရာဝန်ကြီးနှင့် Polytechnic University (Maubin)မှ ပါမောက္ခချုပ်တို့က ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ လူရည်ချွန်ဆု၊ (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ(ဗဟိုအဆင့်) အဆင့်မြင့်ပညာ (အမျိုးသမီး) ဂီတာအတီးပြိုင်ပွဲ (တတိယ)နှင့် ပညာရည်ချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်၂၀၂၅-၂၀၂၆ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သောဓနုဖြူမြို့အမှတ်(၁၆)ရပ်ကွက်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ဆိုင်းစုကျေးရွာကမ်းပြိုကာကွယ်ရေးဆောင်ရွက်နေမှုတို့ကို ရေယာဉ်ဖြင့်ကြည့်ရှုစစ်ဆေးခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့သည်။