ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့တက်ရောက်
ပုသိမ် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိမ်းလဲ့ရေကြည်ခန်းမတွင်ပြုလုပ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၁)နှင့် အပိုင်း(၂)ကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်းနှင့် အပိုင်း(၃)ကိုလည်း ယခုလ(၂၅)ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသရှိပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မဲရုံများလုံခြုံရေးအတွက် လုံခြုံရေးကိစ္စရပ်များကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းအား အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပေါ်ဆန်းအရည်အသွေး ကောင်းမွန်ရေးနှင့် ဈေးကွက်ရရှိအောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပီလောပီနံထုတ်လုပ်မှုတွင် တိုင်းဒေသကြီးသည် ဦးဆောင်တိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၃)ကို အောင်မြင်စွာ ဆက်လက်ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။ ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေး၀န်ထမ်းများက လိုအပ်ချက်များတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ နေဝင်း(၁၀)လမ်းရှိ တောင်သူဦးမြင့်ရွှေ၏ စိုက်ဧက(၂)ဧကတွင် ခရမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ငရုတ်၊ ပြောင်း၊ ဆလပ်၊ ကန်စွန်းစသည့် သီးနှံများစိုက်ပျိုးထားရှိမှုများနှင့် အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချရမှုအခြေအနေများကို မေးမြန်းခဲ့ကာ တိုးချဲ့စိုက်ပျိုးရေး၊ ရာသီအလိုက် သီးနှံများမပြတ်စိုက်ပျိုးနိုင်ရေး၊ ဖြစ်နိုင်သည့်နေရာများတွင် ဆီထွက်သီးနှံများပါ စိုက်ပျိုးနိုင်ရေးနှင့် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးရေးတို့ကို မှာကြားခဲ့သည်။