ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည့် (၃၉)ကြိမ်မြောက် ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မစာဖြေစာပြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများသည် ပုသိမ်မြို့၊ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည့် (၃၉) ကြိမ်မြောက် ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မစာဖြေစာပြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားကို “ နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် ဘဒ္ဒန္တကဝိဿာရ (သာသနဓဇဓမ္မာစရိယ ၊ ပုသိမ်မြို့ ဝိနည်းပြန်ဌာနဂိုဏ်းချုပ်ဆရာတော်၊ မဟာသီဝံကျောင်းတိုက် ၊ ပုသိမ်မြို့ )ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီခံယူဆောက်တည်ကြပြီးနောက် ဘဒ္ဒန္တဇောတိက (တိုက်သစ်ဇောတိကာရာမကျောင်းတိုက် ပဓာနနာယက ဆရာတော်)က ဝိနယဓမ္မစာပြန်ပွဲတော်အခမ်းအနားဖွင့် ဂါထာတော်ကိုလည်းကောင်း၊ ဘဒ္ဒန္တဆေကသာမိ (စာချ ဂန္ထဝါစက - တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်)က ဝိနယဓမ္မစာဖြေစာပြန်ပွဲတော် ဖြစ်ပေါ်လာ၍ ဝမ်းမြောက်ဖွယ်ရာ ဥဒါန်းဂါထာတော်ကိုလည်းကောင်း ရွတ်ဖတ်ပူဇော်ခဲ့သည်။
ထို့နောက် ဘဒ္ဒန္တပညာဓိက (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ ပုသိမ်မြို့ ဝိနည်းပြန်ဌာန၊ ဂိုဏ်းအုပ်ဆရာတော်၊ မောင်းထောင်ကျောင်းပရိယတ္တိစာသင်တိုက်၊ ပုသိမ်မြို့)နှင့် ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်(အဂ္ဂမဟာပဏ္ဏိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဏိတ)ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသတို့က ဩဝါဒကထာ ချီးမြှင့်တော်မူပြီး ဆရာတော်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးမိသားစုတို့က အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် ညနေအချိုရည် တစ်နေ့တာ အာဟာရအတွက် အလှူငွေများကိုလည်းကောင်း၊ ဒေါက်တာညွန့်ဖေနှင့် ဇနီးမိသားစုတို့က စာဖြေ စာပြန်ပွဲမတည်အလှူတော်ငွေနှင့် ဓမ္မပူဇာတရားအလှူတော်ငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မစာဖြေစာပြန်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဘဒ္ဒန္တဉာဏိန္ဒ(အဂ္ဂမဟာဂန္တဝါစကပဏ္ဏိတ၊ ဓမ္မာစရိယ+ပါဠိပါရဂူ) တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများ နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်အရှင်မြတ်များနှင့် ဧည်ပရိသတ်အပေါင်းတို့က “ဝိနယောနာမ ဗုဒ္ဓသာသနဿ အာယု” ဟူသော ဗုဒ္ဓပါဝစန စကားတော်ကို (၃) ကြိမ်ရွတ်ဆိုတော်မူကြပြီး ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။ ယင်းနောက် (၃၉)ကြိမ်မြောက်ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မစာဖြေစာပြန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ (၃၉)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်အား ယခုလ (၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး သံဃာတော်(၅၁၈)ပါးတို့မှ ရေးဖြေနှင့် အာဂုံပြန်မည်ဖြစ်ကာ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်ဓမ္မရင်ပြင်တွင် ညစဉ် (၇း၀၀) နာရီ မှစတင်၍ ဘဒ္ဒန္တဉာဏာလင်္ကာရ(နွားဦးတိုက်ဆရာတော်)၊ ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ (ကျိုက်ထိုဆရာတော်)၊ ဒေါတ်တာဘာဝိဒ (မဇ္ဈိမဂုဏ်ရည်ဆရာတော်)၊ ဘဒ္ဒန္တပညာဝရ(မဟော်သဓာသာဆရာတော်)၊ ဘဒ္ဒန္တပညာဝံသာလင်္ကာရာဘိဝံသ (ကျောက်ပန်းတောင်းတိပိဋကဆရာတော်)တို့က ညစဉ်တရားအလှူပေးလှူသွားမည်ဖြစ်ပါသည်။