ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ သို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

ပုသိမ် ဇန်နဝါရီ ၁၁

လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ သို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့အုပ်ချုပ်သူနှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်မည့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့ အုပ်ချုပ်သူများနှင့် ကိုယ်စားလှယ်များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့ အမျိုးသားအုပ်ချုပ်သူက ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ သို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား လိုအပ်သည်များမှာကြားခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းလည်းဖြစ်ပါကြောင်း၊ ယခုဖိုရမ်၏ ရည်ရွယ်ချက်များမှာ

ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း တည်ငြိမ်ရေးတွင်အားလုံးပါဝင်သောလူငယ်များ၏ ဆောင်ရွက်ချက်များအရေးကြီးသည်ကို ပေါ်လွင်စေရန် (Role of Youth)၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ စိတ်သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန် (Dialogue and PositiveProblem-Solving)၊ ငြိမ်းချမ်းသောအသိုက်အဝန်းများ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုကို အထောက်အပံ့ ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန်ကာလ၌ လူငယ်များ၏ လက်တွေ့ကျသော အခန်းကဏ္ဍ ကိုဖော်ထုတ်ရန် (Networking and Action Plans)၊ တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှု ရှိသောဆက်သွယ်ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏စွမ်းရည်များ ပိုမိုခိုင်မာလာစေရန်(Capacity . Building for Dialogue, Mediation and Communication)၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွတ်ရေး လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေးအထောက်အပံ့ဖြစ်စေမည့် လူငယ်များ၏ အကြံပြုချက်များပေါ်ထွက်လာစေရန် (Feedback for peace, Solidarity and Social Harmony)၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက် များကိုစုစည်း၍ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ်(Youth Policy Paper) အား ရေးဆွဲတင်ပြနိုင်ရန် တို့ဘဲဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လူငယ်ငြိမ်းချမ်းရေး ဖိုရမ်ပြုလုပ်၍ လူငယ်များ၏ အတွေးအမြင် အသိဉာဏ်ဖြင့် ငြိမ်းချမ်း‌ရေးအား ထဲထဲဝင်ဝင် သိရှိနားလည်ပြီး လိုက်ပါဆောင်ရွက်သွားကြမည်ဆိုပါက မိမိတို့မျှော်မှန်းထားသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိလာမည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဆွေးနေနွေးရမည့်အချက်အလက်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လေ့လာမှုအားကောင်းကောင်းဖြင့် ပါဝင်ဆွေးနွေးကြစေလိုကြောင်း”အမှာစကား‌‌ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

11-Jan-2026