ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ် ဇန်နဝါရီ ၁၀

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယခုလ(၁၁)ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်ရာ ပြည်သူများဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ မဲရုံအမှတ်(၁)သို့ သွားရောက်၍ မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအတွင်းအပြင် လုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်၊ ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်တို့ကိုမှာကြားခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ မဲရုံအမှတ်(၁)သို့လည်းကောင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မဲဆန္ဒရှင်ဦးရေများပြားသဖြင့် အဆိုင်း(၁)၊ အဆိုင်း(၂)ခွဲ၍ ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး၊ ကြန့်ကြာမှုမရှိစေရေး၊ မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်နှင့်လိုအပ်သည်များကိုမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း မိုင် (၅၉/၆–၅၉/၇) အတွင်း အခြေခံလွှာအဖြစ် Lean Concrete (၅ ပေ) အကျယ် ခင်း၍လမ်းချဲ့ခြင်းလုပ်ငန်းအားလည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်း မိုင် (၆၀/၁-၆၀/၂) အတွင်း အခြေခံလွှာ Lean Concrete မလောင်းမီ Improved Subgrade အလွှာခင်းကြိတ်ခြင်းလုပ်ငန်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်ကျေးရွာအုပ်စု၊ မဲရုံအမှတ်(၁)သို့ သွားရောက်၍ မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအတွင်းအပြင် လုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်၊ ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်တို့ကိုမှာကြားခဲ့သည်။

10-Jan-2026