ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အောင်ချမ်းသာတောရကျောင်းတွင်ကျင်းပသည့် နဂါးရုံဘုရား၊ ၉ တောင်ပြည့်စေတီတော်ရွှေသင်္ကန်းကပ်၊ အောင်ဝိဇ္ဇာဓမ္မာရုံ၊ ရေသိမ်တော်နှင့် ဓါတုဝိဇ္ဇာကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားတက်ရောက်ကြည်ညို

ပုသိမ် ဇန်နဝါရီ ၇

အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မြို့မဆရာတော် ဘဒ္ဒန္တကောဝိဒအမှူးပြုသော ဆရာတော်များနှင့် ပြည်နယ် +ပြည်မမှ တပည့်ဒါယကာ+ဒါယိကာမများ၏ နဂါးရုံဘုရား၊ (၉)တောင်ပြည့်စေတီတော်ရွှေသင်္ကန်းကပ်၊ အောင်ဝိဇ္ဇာဓမ္မာရုံ၊ ရေသိမ်တော်နှင့် ဓါတုဝိဇ္ဇာကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ပုသိမ်မြို့နယ်၊ ပုသိမ်-ချောင်းသာကားလမ်း (၂၃)မိုင်ရှိ၊ အောင်ချမ်းသာတောရကျောင်းတွင် ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ+ဒါယိကာမများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ပုသိမ်မြို့၊ မြို့မဆရာတော်ကြီး ဘဒ္ဒန္တကောဝိဒ၏ တပည့်ဒါယကာ+ဒါယိကာမများဖြစ်သည့် (ရှမ်း၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ တောင်ရိုး၊ မြန်မာ၊ ကရင်စသော တိုင်းရင်းသား) များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် အခမ်းအနားဆက်လက်ပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြပြီးနောက် (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၊(အဘိဓဇအဂ္ဂမဟာမင်္ဂလာ ဓမ္မဇောတိက) ပုသိမ်မြို့၊ မြို့မဆရာတော်ကြီး ဘဒ္ဒန္တကောဝိဒ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့ မြို့အေးကျောင်းတိုက်၏ ပဓာနနာယက ဘဒ္ဒန္တခေမာဝံသ(သာသနဓဇ ဓမ္မာစရိယ)ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုးကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

07-Jan-2026