ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတတက္ကသိုလ်၌ပြုလုပ်သည့် ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇန်နဝါရီ ၆

၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဟင်္သာတတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ပြုလုပ်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး အဆင့်မြင့်ပညာရပ်များ ဆက်လက်ဆည်းပူးမည့် မောင်တို့မယ်တို့အား နွေးထွေးစွာကြိုဆိုခြင်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် စာပေ၊အားကစား၊ အနုပညာ စသည့် ဘက်စုံပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ဟင်္သာတတက္ကသိုလ်တွင် သင်ကြားရေးနဲ့ပတ်သက်ပြီး နေ့သင်တန်းနှင့်အဝေးသင်သင်တန်းရှိပါကြောင်း၊ နေ့သင်တန်းမှာ ဝိဇ္ဇာဘာသာရပ်(၈)ခုနှင့် သိပ္ပံဘာသာရပ်(၈)ခုရှိပါကြောင်း၊ အဝေးသင်သင်တန်းမှာ ဝိဇ္ဇာဘာသာရပ်(၇)ခုနှင့် သိပ္ပံဘာသာရပ်(၅)ခု ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၏ သဘာဝအရင်းအမြစ်ကို အသုံးချပြီး ဒေသအကျိုးကို ရှေးရှုပြီးပို့ချမည့် အသုံးချဘာသာရပ်နှစ်ခုဖြစ်သည့် စိုက်ပျိုးရေးဓာတုဗေဒ(Agricultural Chemistry)၊ ငါးပညာသိပ္ပံ(Fisheries Science)ဆိုသည့်အသုံးချ ဘာသာရပ်နှစ်ခု အောင်မြင်စွာဖွင့်လှစ်ထားနိုင်ပြီဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝန်းများအတွင်း အရိပ်ရလေကာပင်များ စိုက်ပျိုးရန်နှင့် တက္ကသိုလ်၏ပုံရိပ်ကို ပေါ်လွင်စေသည့် ကံ့ကော်၊ စိန်ပန်း၊ ပိတောက်ကဲ့သို့သော အပင်များ စိုက်ပျိုးရန်လိုပါကြောင်း၊ မောင်တို့မယ်တို့သည် လူငယ်များဖြစ်သည့်အတွက် ကိုယ်ကျင့်တရားနှင့် စာရိတ္တပိုင်းတွေမှာ ကောင်းမွန်အောင်နေထိုင်ကျင့်ကြံရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လူငယ်များ၏ စာရိတ္တများကို ယိမ်းယိုင်အောင်၊အန္တရာယ်ဖြစ်စေမည့် အပြုအမူ၊ အတွေးအခေါ်၊ အယူအဆများကိုဆင်ခြင်သတိ၊ အသိဖြင့်နေထိုင်သွားဖို့မှာကြားလိုပါကြောင်း၊ မြန်မာနိုင်ငံသည်ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေနှင့်အစဉ်အလာ ကြီးမားစွာရပ်တည်နိုင်ခဲ့သည့်နိုင်ငံဖြစ်ပါကြောင်း၊ မောင်မယ်တို့သည် ထိုကဲ့သို့အစဉ်အလာ ကြီးမားသည့် ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်သည့်သူများ ဖြစ်အောင်ကြိုးစားကြရန်လိုပါကြောင်း” ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။

ဆက်လက်၍ ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဟင်္သာတတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာ တောင်သူဦးလှစိုး၏ စိုက်ဧက(၃)ဧကတွင် စ်ိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းအား ကြည့်ရှုအားပေးပြီး နေကြာစိုက်ခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် မြေသြဇာကျွေးခြင်း၊ ရေပေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။

06-Jan-2026