ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လက်မှုရွာစီမံကိန်း လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် ဇန်နဝါရီ ၅

ဧရာဝတီတိုင်း‌ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လက်မှုရွာစီမံကိန်း လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ လက်မှုရွာစီမံကိန်းအတွက် လုပ်ငန်းသုံးပစ္စည်းပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် One Region One Product (OROP) ထုတ်ကုန်များစွာ ဖော်ထုတ်ထားပါကြောင်းနှင့် တိုင်းဒေသကြီးမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ လက်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် တွင်တွင်ကျယ်ကျယ်ဖြင့် အရည်အသွေးမြှင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် စက်ပိုင်းဆိုင်ရာလိုအပ်မှုများလည်း ရှိလာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီလည်းဖြစ်ပြီး ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်တို့ကို ပြည်တွင်းသာမက ပြည်ပသို့ပါ တင်ပို့လျက်ရှိပါကြောင်းနှင့် ရေထွက်ပစ္စည်းများဖြစ်သည့် ငါး၊ ပုစွန်၊ ဂဏန်းတို့ကိုလည်း တင်ပို့လျက်ရှိပါကြောင်း၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် အစရှိသည်တို့ကို အသုံးပြု၍ လက်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါကြောင်းနှင့် ထုတ်ကုန်များကိုလည်း ပိုမိုတိုးချဲ့လုပ်ကိုင်ရန်လိုအပ်ပါကြောင်း၊ ပီလောပီနံထုတ်လုပ်မှုတွင် တိုင်းဒေသကြီးသည် ဦးဆောင်တိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ဝါးလုပ်ငန်းများစွာလည်း အောင်မြင်လျက်ရှိပါကြောင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ Export တင်ပို့နိုင်ရေးကိုလည်း ဆောင်ရွက်ရန်လိုပါကြောင်း၊ MSMEကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များဆောင်ရွက်နေသည့် လုပ်ငန်းများစွာရှိပါကြောင်းနှင့် လက်မှုလုပ်ငန်းများကို စက်ပစ္စည်းများနှင့်တွဲဖက်အသုံးပြု ဆောင်ရွက်ခြင်းအားဖြင့် အရည်အသွေးရှိသည့် လက်မှုထုတ်ကုန်များရရှိလာမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လက်မှုရွာထောင်မည့် စီမံကိန်းလုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် ဆောင်ရွက်ခဲ့သော လက်မှုရွာ စီမံကိန်း “ဝါးလက်မှုထည်သင်တန်း”မှ လုပ်ငန်းထူထောင်မည့်သူများအား ဝါးနှီးဖြာစက်၊ ကော်ပတ်အထိုင်စက်၊ အကွေးလှီးစက်၊ Cutter Wheel များပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းသား/သင်တန်းသူများကိုယ်စား လုပ်ငန်းထူထောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီးနောက် စက်ပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြသခြင်းနှင့် လက်မှုရွာစီမံကိန်းလုပ်ငန်းမှ ဆောင်ရွက်ထားသည့် လက်မှုပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငါးသိုင်းချောင်းမြို့၊ စိန္တမုနိစေတီတော်မြတ်ကြီး ရင်ပြင်တော် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ စေတီတော်ပရဝုဏ်အတွင်းနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ‌ဆောင်ရွက်ရန်၊ ခြုံနွယ်များမရှိစေရေးဆောင်ရွက်ရန်နှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

05-Jan-2026