ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲပွဲကို ယမန်နေ့ညပိုင်းက ပြုလုပ်ခဲ့ရာ ညစာစားပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုညစာစားပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ လွတ်လပ်ရေးနေ့သို့ ရောက်ရှိတိုင်း အားကစားပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်း ပြပွဲ၊ ပြိုင်ပွဲများ ခင်းကျင်းပြသခြင်း၊ တိုင်းဒေသကြီး၏ တစ်နှစ်တာအတွင်း တိုးတက်ပြောင်းလဲမှုများ၊ ရည်မှန်းချက်များ၊ အောင်မြင်မှုများ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၏ အပိုင်း(၁)ကိုလည်း အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ပြီးဖြစ်သကဲ့သို့ အပိုင်း(၂)ကိုလည်း တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်း၊ လုံလုံခြုံခြုံဖြင့် နိုင်ငံသားတိုင်းမဲပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီး၏ ဒေသဖွံဖြိုးရေး၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ MSME ကဏ္ဍများတွင် ထူးချွန်စွာဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်များကိုလည်း ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပါ‌ကြောင်း၊ တိုင်းဒေသကြီးသည် မြေသယံဇာတ၊ ရေသယံဇာတပေါကြွယ်ဝပြီး လူ့စွမ်းအားအရင်းအမြစ်များလည်းပေါကြွယ်ဝသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် တည်ငြိမ်အေးချမ်းမှုများကို အခြေခံ၍ လူ့စွမ်းအားအရင်းအမြစ်များပိုမိုမွေးထုတ်ကာ ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့်ပြည်သူများ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ဌာနဆိုင်ရာပြခန်း ပထမ၊ ဒုတိယနှင့် တတိယဆု၊ သစ်သီးဝလံပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်၊ ကောလိပ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ဖွဲ့စည်းပုံ(က)အဆင့် Clean City ဆု၊ Green City ဆု၊ အထူးဆုများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ ဖွဲ့စည်းပုံ(က)အောက်အဆင့် Clean City ဆု၊ Green City ဆု၊ အထူးဆုများကို လူမှုရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ပညာအလင်္ကာ တေးဂီတအဖွဲ့မှ လွတ်လပ်ရေးနေ့ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကာ ပညာအလင်္ကာတေးဂီတအဖွဲ့အား ဂုဏ်ပြုပန်းခြင်းနှင့် ဆုချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။

05-Jan-2026