ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့်စံပြမိခင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်
ပုသိမ် ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများသည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် (၇၈)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့်စံပြမိခင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကဲ့သို့ ကလေးပြိုင်ပွဲ၊ စံပြမိခင်ပြိုင်ပွဲ လှုပ်ရှားမှုတွေမှာ ပြည်သူလူထုကိုယ်တိုင် စိတ်ဝင်တစားပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ကလေးငယ်များ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာသန်စွမ်းစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်စတဲ့ အသိပညာအမူအကျင့်ကောင်းများ ပြည်သူလူထုအတွင်း ပိုမိုကျယ်ပြန့်စွာ သိရှိလာစေမှာဖြစ်ပြီး ကလေးငယ်များနဲ့ အမျိုးသမီးများရဲ့ ကျန်းမာရေးနဲ့ အာဟာရအခြေအနေ ပိုမိုကောင်းမွန် မြင့်မားလာစေဖို့အတွက်လည်း အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ပြည်သူအားလုံး ဘဝတစ်လျှောက်လုံး အနာရောဂါ ကင်းရှင်းဖို့၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာတဲ့ မိခင်နှင့်ကလေးသေနှုန်းများ ကျဆင်းစေဖို့၊ အာဟာရ ပြည့်ဝပြီး ကာယနှင့်ဉာဏဖွံ့ဖြိုးတဲ့ မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေဖို့နဲ့ ကလေးများရဲ့ အနာဂတ်မှာ ကျန်းမာဖွံ့ဖြိုးသာယာစေဖို့အတွက် အခြေခံကျပြီးအရေးပါတဲ့ ကိုယ်ဝန်ဆောင် ကာလမှ အသက် (၂)နှစ်အရွယ်အထိ ကလေးငယ်များ ကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင်ပြီး အားလုံးပူးပေါင်းရင်းနှီးမြှုပ်နှံ ဆောင်ရွက်ပေးကြပါလို့ အလေးအနက် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ နှီးနွယ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံရဲ့ အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ကလေးငယ်များကို ဗလငါးတန်နှင့် ပြည့်ဝစေမှာ ဖြစ်တဲ့အတွက် တက်ရောက်လာကြသူများမှ ပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း” တိုက်တွန်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မွေးစမှအသက်(၆)လအထိ ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အသက်(၆) လမှ (၁)နှစ်အထိ ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ်ဆုရရှိသူများကို ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အသက်(၁)နှစ်မှ (၁)နှစ်ခွဲအထိ ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ်ဆုရရှိသူများကို လူမှုရေးရာဝန်ကြီးက လည်းကောင်း၊ အသက်(၁)နှစ် ခွဲမှ (၂)နှစ်အထိ ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို လူမှုရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ စံပြမိခင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌကလည်းကောင်း၊ အထူးဆုရရှိသော ကလေးငယ်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီးနောက် ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့သို့ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။