ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီးပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစား ကွင်းတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ဦးစွာ စစ်ကြောင်းမှူးဦးဆောင်၍ ဘင်ခရာအဖွဲ့ များမှ ကွင်းအတွင်းနေရာယူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့် အတူ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် စစ်ကြောင်းမှူးဦးဆောင်၍ တန်းအပ်ခြင်းနှင့် အလေးပြုခြင်းများဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပညာရေးစုံညီပွဲတော် ကျင်းပ ရခြင်းရဲ့ရည်ရွယ်ချက်မှာ ဆရာ၊ ဆရာမများကြား၊ ကျောင်းသား၊ ကျောင်းသူများကြား သင်ကြားရေး၊ သင်ယူရေးနည်းစနစ်များ ဖလှယ်ရန်၊ ခေတ်မီသင်ကြားရေး နည်းပညာများ၊ သင်ထောက်ကူပစ္စည်းများပြသရန်၊ သိပ္ပံပြပွဲ၊ အနုပညာပြပွဲ၊ စာပေပြိုင်ပွဲများ ကျင်းပရန်၊ မိဘများအား ကလေး၏ ပညာရေးတွင် ပိုမိုပါဝင်နိုင်စေရေးလှုံ့ဆော်ရန်၊ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးဆွေးနွေးမှုများပြုလုပ်ရန်၊ပညာရေးစုံညီပွဲတော်မှ ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးပညာသာမက ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များကို ဂုဏ်ပြုဆုချီးမြှင့်ပွဲများကျင်းပခြင်း၊ ကျောင်းသား၊ ကျောင်းသူတို့၏ ဉာဏ်ရည် ဉာဏ်သွေးအရ တီထွင်ဖန်တီးထားသည့်ပြခန်းများ သင်ထောက်ကူများ၊ လက်တွေ့ပြသကြသည့် ပွဲလည်းဖြစ်ပါကြောင်း၊ ဘေးကင်းလုံခြုံပြီး ကလေးပျော်ကျောင်းများဖြစ်ရန်အတွက် ကျောင်းဥပဓိ ရုပ်နှင့် ကျောင်းပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရမှာဖြစ်ပါကြောင်း၊ ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးမယ်ဆိုရင် ပညာကို ပြည့်ပြည့်စုံစုံသင်ယူနိုင်မှာဘဲဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးရဲ့ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ကျောင်းသား မိဘများ၊ ကျောင်းအကျိုးတော်ဆောင်၊ စေတနာရှင်၊ အလှူရှင်များ အုပ်ချုပ်ရေးအဖွဲ့များ အချိတ်အဆက်မိမိ လက်တွဲပြီးပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း” တိုက်တွန်းစကား ပြောကြားပြီး စုံညီပွဲတော်အတွက် ချီးမြှင့်ငွေများပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်ကာ ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့၊ ကဗျာလွတ်အကအဖွဲ့၊ ကာယအဖွဲ့၊ Fitness Exercisesအဖွဲ့နှင့် တေးသရုပ်ဖော်အဖွဲ့များက ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များ သည် ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသူ(၂၀၀) ဦးက အခြေခံကဗျာလွတ် အကဖြင့် ကပြဖျော်ဖြေမှု၊ အ.ထ.က(၂) ပုသိမ်မှ ကျောင်းသား၊ ကျောင်းသူ (၃ဝဝ)ဦးက ကာယပညာ အတွဲ(၃)ဖြင့်သရုပ်ပြသမှု၊ စိန့်ဂျွန်းကိုယ်ပိုင်အထက်တန်းကျောင်းမှကျောင်းသား/သူ (၂၀၀)ဦးက "အာရှမြန်မာ"သီချင်းဖြင့် PE-22 Fitness Exercises ကို သရုပ်ပြဖျော်ဖြေမှု၊ AD Myanmar မှ ကျောင်းသား/သူ (၁၀၀)ဦး၊ ပုသိမ်မြို့နယ်မှ မိဘ၊ ဆရာ/မ (၂ဝဝ)ဦးတို့က "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် သရုပ်ဖော်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်သို့ တက်ရောက်ခဲ့သည်။ ဦးစွာ အခမ်းအနားကို ပုသိမ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲပျော်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဒီနေ့အခမ်းအနားကတော့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့်ပညာရေးစုံညီပွဲတော်ဖြစ်ပါကြောင်း၊ ပညာရေးစုံညီပွဲတော်မှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ ထူးချွန်ထက်မြက်တဲ့ ဆရာ၊ ဆရာမများကို ဂုဏ်ပြုချီးမြှင့်တဲ့ပွဲလည်း ဖြစ်ပါကြောင်း၊ မိဘများ ကလည်း စနစ်သစ်ပညာရေးရဲ့ သဘောတရားများကို ပညာရေး စုံညီပွဲတော် ကျင်းပခြင်းအားဖြင့် သိရှိနားလည် လာကြမှာပဲဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍမှာ KG+12 စနစ်သစ်ပညာရေးကို ၂၀၁၆ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိရာ ဆရာ၊ဆရာမများရဲ့ အရည်အသွေး မြင့်မားဖို့အတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း များ၊ သင်ထောက်ကူပစ္စည်း အသုံးချမှုအရည်အသွေးမြှင့် သင်တန်းများ၊ Grade-5, Grade-9 ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲများကိုလည်း နှစ်စဉ်ကျင်းပခဲ့သလို ဆရာ၊ ဆရာမများအပိုင်းကလည်း အမြဲတမ်းကိုယ်တိုင်လေ့လာ သင်ယူနေဖို့လို အပ်မှာဖြစ်ပါ ကြောင်း၊ အလယ်တန်းအဆင့် Grade-9 ပြီးမြောက် အောင်မြင်ပြီးပါက သက်မွေးဝမ်းကြောင်းပညာ ဆက်လက်သင်ယူလိုသော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာန ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ ယနေ့အထိ တစ်နိုင်ငံလုံးတွင် အခြေခံပညာအထက်တန်းကျောင်း (၈၅)ကျောင်းကို ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍကို နိုင်ငံတော်မှ အထူးအလေးထား ဆောင်ရွက်နေသလို ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အတွက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်အောင် ကြိုးစားကြရန်နှင့် ပညာရေး စုံညီပွဲတော်ရဲ့ ရည်ရွယ်ချက်များနှင့်အညီ မိဘပြည်သူများကလည်း စနစ်သစ်ပညာရေး၏ သဘော တရားများကို သိရှိနားလည်သဘောပေါက်ပြီး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုပါကြောင်း” တိုက်တွန်းပြေကြားသည်။

ထို့နောက် ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ ထူးချွန်ဆရာဆု၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဆုရရှိသူများ၊ ကမ္ဘာ့ဆရာများနေ့ ဆရာ၊ ဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲ(ဗဟိုအဆင့်)၊ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ Kanagawa Biennial World Children's Art Exhibition(တိုင်းအဆင့်)ပထမ၊ International Letter-Writing Competition for YoungPeople 2025 ပထမ၊ National ICT Awards (2024)(ဗဟိုအဆင့်(ပထမ) |National ICT Awards (2025)တိုင်းဒေသကြီးအဆင့်(ထက်ဆင့်) ပထမ၊ National ICT Awards (2025) တိုင်းဒေသကြီးအဆင့်(လယ်ဆင့်)ပထမ၊ National ICT Awards (2025) တိုင်းဒေသကြီး အဆင့်(မူဆင့်)ပထမဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)၊ (တိုင်းအဆင့်)၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ (တိုင်းအဆင့်)၊ အပြည်ပြည် ဆိုင်ရာလူငယ်များနေ့ စာစီစာကုံးအထက်တန်း (တိုင်းအဆင့်)၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ စာစီစာကုံးအထက်တန်း(တိုင်းအဆင့်)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြေသော ကျောင်းဆု (အထက်တန်း၊ အလယ်တန်း၊ မူလတန်း)၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) စာစီစာကုံးဆုများကို စီးပွားရေးရာဝန်ကြီး၊ သယံဇာတ ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး တို့ကလည်းဆုများချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်မြို့၊ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့် ခရိုင်အလိုက်ပြသထားသည့် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်ပြခန်းများ ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။

03-Jan-2026