ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် (၉၉) ကြိမ်မြောက် မြတ်စွာဘုရားရှင်နှင့် ရဟန္တာ(၅၀၀)ပါးတို့အား စတုမဓူဆေးဆွမ်းတော်ကပ်လှူပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
ပုသိမ် ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် မြတ်စွာဘုရားရှင်နှင့် ရဟန္တာ(၅၀၀)ပါးတို့အားစတုမဓူဆေးဆွမ်းတော်ကပ်လှူပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံ တန်ဆောင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်ဇနီးတို့သည် ဦးမောင်ကြီးအာရုံခံတန်ဆောင်းရှိ ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခဲ့ကြသည်။ ယင်းနောက် ပင့်သံဃာဆရာတော်အရှင်သူမြတ်များက ရင်ပြင်တော်ရာဟုထောင့် ဇေတဝန်စံကျောင်းတော် မဏ္ဍပ်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ကြပြီးနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၏ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် ပြုလုပ်ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ရှစ်ပါးသီလခံယူ ဆောက်တည်ခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရား တော်များအား ဆက်လက်နာယူ ကြည်ညိုကြခဲ့ပြီးနောက် ဆရာတော်သံဃာတော် အရှင်သူမြတ် များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၏ ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စတုမဓူဆေးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ ပိတောက်ချောင်ပိုင်း အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများလေးများ၏ ပညာရေးစုံညီပွဲတော် အကြိုအားကစားပြိုင်ပွဲများပြုလုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ ရေကြည်မြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်ခန်းမ၌ ပြုလုပ်သည့် အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီဝင်များ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်တွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆောက်အဦများ ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ဆက်လက်၍ ကျောင်းအဆောက်အဦ လိုအပ်ချက်များကိုလည်း ဘဏ္ဍာနှစ်အလိုက် ရရှိရေးဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများ၊ မြို့မိမြို့ဖများကလည်း မိမိတို့ဒေသအတွက် လိုအပ်ချက်များကိုလည်း တင်ပြပေးစေလိုကြောင်း” ဆွေးနွေးပြောကြားပြီး ကန်တော့ခံဆရာကြီး/ဆရာမကြီးများအား လှူဒါန်းငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကျောက်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ရုံးပင်ချောင်းရိုးတူးဖော်ခြင်း အလျား(၅.၅၈)မိုင်၊ အကျယ်(၂၀)ပေ၊ ပျှမ်းမျှအနက်(၆)ပေလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။