ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ (၁ဝ၂) ကြိမ်မြောက် စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း တွင်ပြုလုပ်သည် ၂၀၂၆ ခုနှစ်၊ နှစ်သစ်အကြို မိတ်ဆုံစားပွဲသို့တက်ရောက်
ပုသိမ် ဇန်နဝါရီ ၁
ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ (၁ဝ၂) ကြိမ်မြောက် စုပေါင်းဝတ်ပြုကိုးကွယ်ခြင်း ဖွင့်ပွဲအခမ်းအနားကို (၃၁.၁၂.၂၀၂၅) ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုသာဖြူဘုရားကျောင်း တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ (၁ဝ၂)ကြိမ်မြောက် စုပေါင်းဝတ်ပြုကိုးကွယ် ခြင်းဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ အခမ်းအနားကိုပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများကို သဘာပတိမှ မိတ်ဆက်ပေးပြီး သာသနာ့ခေါင်းဆောင်များကို ကရင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက မိတ်ဆက်ပေးပြီးနောက် ကိုသာဖြူ ဓမ္မတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက သံစုံသီချင်းသီဆိုခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်ဥက္ကဌ ဆရာတော်ဒေါက်တာစဲမစယ်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခုကျင်းပပြုလုပ်သော ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ (၁၀၂)ကြိမ်မြောက် စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းနှင့် သမ္မာ ကျမ်းစာသင်ကြားခြင်း အခမ်းအနားသို့တက်ရောက်၍ တိုင်းရင်းသား ညီကိုမောင်နှမများ မိတ်ဆွေများနှင့်တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ယခုဒီဇင်ဘာလတွင် ကရင်လူမျိုးခရစ်ယာန်ဘာသာဝင်များအတွက် နေ့ထူးနေ့မြတ် နှစ်ခုဖြစ်သည့် ၂၇၆၅ ခုနှစ် ကရင် နှစ်သစ်ကူးနေ့နှင့် ခရစ်စမတ်နေ့ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ ဥမကွဲ သိုက်မပျက် စည်းလုံး ညီညွတ်စွာ နေထိုင်ကြသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်း ဘာသာဝင်ပုဂ္ဂိုလ်အသီးသီးတို့အပေါ် လိုအပ်သောကိစ္စရပ် များကို ပါဝင်ကူညီဆောင်ရွက်ပေးခြင်း၊ ယခုကဲ့သို့ အခမ်းအနား၊ ဘာသာရေးပွဲတော်များအား ချီးမြှောက်ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်း ဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီး၊ နားလည်မှုရရှိကာ မိမိတို့နေထိုင်သည့် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်စေမှာဖြစ်ပါကြောင်း” နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ထို့နောက် သိက္ခာတော်ရ ဒေါက်တာလင်းကယ်ယာမှ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့အတွက်ဆုတောင်းပေးခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့သည်။ ထို့နောက် ပုသိမ်-မြောင်းမြ သာသနာနယ် အထွေထွေအတွင်းရေးမှူး ဆရာတော်မူးလယ်ဂေး က ကျေးဇူးတင်စကားများ ပြေကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၁၀၂)ကြိမ်မြောက် စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းနှင့် သမ္မာကျမ်းစာသင်ကြားခြင်း အခမ်းအနားအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစား ကွင်းတွင်ပြုလုပ်သည် ၂၀၂၆ ခုနှစ်၊ နှစ်သစ်အကြို မိတ်ဆုံစားပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးပြောင်းတော့မည့်အခါသမယ တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီး၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စည်ပင်သာယာရေး၊ အားကစား အစရှိသည့် တိုင်းဒေသကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ အသီးသီး တို့က စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ ၂၀၂၆ ခုနှစ်တွင်လည်း စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များဖြင့် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေကြောင်း”နှစ်သစ်ကူး အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် နှစ်သစ်ကူးအကြို မိတ်ဆုံစားပွဲအား အတူတကွသုံးဆောင်ခဲ့ကြပြီး တေးသံရှင်များ၏ သီဆိုဖျော်မှုများကို ကြည့်ရှုအားပေးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။