ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာ အုပ်စု၊ ကမန္တာကျေးရွာ တွင်ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
ပုသိမ် ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ကမန္တာ ကျေးရွာတွင် (၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမန္တာကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက်ဖွင့်လှစ် ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖြန်းပေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များ အား ချီးမြှင့်ငွေများပေးအပ်၍ ကျေးရွာအတွင်း လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမန္တာကျေးရွာ၊ စိတ္တသုခကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖြိုးရေးကိစ္စရပ်များ တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဖျာပုံ မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာတွင် အောင်ရေရရှိရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ ရေငန်တားတာများဆောင်ရွက်ပေးခြင်းနှင့် ရေထိန်းတံခါးများကိုလည်း ပြုလုပ်ပေးထားပြီး တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍများတိုးတက်အောင် ဆောင်ရွက်ပေးထားပါကြောင်း၊ ကျန်ရှိသည့် ချောင်းကော၊ မြောင်းကောများပြန်လည်တူးဖော်ခြင်းကိုလည်း ဘဏ္ဍာနှစ်အလိုက် လျာထားကာ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများကလည်း မိမိတို့ဒေသအတွက် လိုအပ်ချက်များကို ပွင်းလင်းစွာတင်ပြပေးစေလိုကြောင်း” ဆွေးနွေး ပြောကြားသည်။ ယင်းနောက်၊ ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။