ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မအူပင်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်၊ (၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံမြို့၊ မာလာမြိုင်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
ပုသိမ် ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့၊ မအူတက္ကသိုလ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ပြုလုပ်လျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့သည် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး မိမိတို့ရရှိသည့်အမှတ်များအပေါ်မူတည်၍ မိမိတို့ဝါသနာပါရာ ဘာသာရပ်များကို တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးတွင် တက်ရောက်ပညာသင်ယူနေကြပြီဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ကိုလည်း ဆရာကြီး၊ ဆရာမကြီးများကလည်း နွေးထွေးစွာကြိုဆိုကြခြင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်အဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်ရေး၊ တက္ကသိုလ်အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်းနှင့် Recreation Center များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးမွေးမြူရေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးမွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်မည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကိုလည်းဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝန်းများအတွင်း အရိပ်ရလေကာပင်များ စိုက်ပျိုးရန်နှင့် တက္ကသိုလ်၏ပုံရိပ်ကို ပေါ်လွင်စေသည့် ကံ့ကော်၊ စိန်ပန်း၊ ပိတောက်ကဲ့သို့သော အပင်များ စိုက်ပျိုးရန်လိုပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် စာပေ၊အားကစား၊ အနုပညာ စသည့် ဘက်စုံပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် ကြိုးစားဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ပညာရေး ခရီးကိုရှေ့ဆက် ပြီးမြောက်အောင်မြင်အောင် ကြိုးစားသင်ယူရင်းဖြင့် မိမိတက္ကသိုလ်၊ တိုင်းဒေသကြီး၊ နိုင်ငံတော်၏ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း”တိုက်တွန်းအမှာစကားပြောကြားပြီး Myanmar National Leagueပြိုင်ပွဲသို့ ပညာရေးဝန်ကြီးဌာနကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့သူ၊ ၂၀၂၅ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ တတိယဆုရရှိခဲ့သူ၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ဂီတာအတီးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် မအူပင်တက္ကသိုလ်အတွက် ချီးမြှင့် ငွေများပေးအပ်ခဲ့ရာ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် မအူပင်တက္ကသိုလ် ပါမောက္ခချုပ်တို့က လက်ခံရယူခဲ့သည်။ ဆက်လက်၍ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားပြီးနောက် အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ(ဌာနမှူး)က ဝိဇ္ဇာဘာသာရပ်များအားလည်းကောင်း၊ သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)က သိပ္ပံဘာသာရပ်များအားလည်းကောင်းရှင်းလင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့် မအူပင်တက္ကသိုလ်ရှိ ဘာသာရပ် အသီးသီးမှ ပြသထားသောပြခန်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံမြို့၊ မာလာမြိုင်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူမျာက ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် ၆၆၈ပေ၊ အကျယ်၁၈ပေနှင့် ထု၈လက်မရှိကြောင်းသိရသည်။