ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၇

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ်သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်းစုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း ဒီဇင်ဘာအားကစားလ စတုတ္ထပတ်စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness Dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာအားကစားလ စတုတ္ထပတ်စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၄၀၀၀)ကျော်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား စက်ဘီး၊ မတ်တပ်ပန်ကာ၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးပူ၊ Track Suit ၊ တီရှပ်၊ ဘောလုံး၊ ဘော်လီဘောလုံး၊ ခြင်းလုံးများကို စတုတ္ထအကြိမ်အဖြစ် ကံစမ်းမဲဖောက်ပေးခဲ့ကာ မဲပေါက်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကဆုများပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဓမ္မာရုံဝန်းအတွင်း ဌာနဆိုင်ရာများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေးကိုလည်း အလေးထား လိုက်နာဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်တွင်လည်း ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများက တပျော်တပါး ပါဝင်ဆင်နွှဲ၍ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness Dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့၊ ရွာများ သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများမှစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့်အဖွဲဝင်များက Video Conference စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့မှစ၍ အပိုင်းလိုက် ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ မဲရုံများတွင် မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)များ အချိန်မီရောက်ရှိရေးနှင့် လိုအပ်သည့်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မဲပေးခွင့်ရှိသူအားလုံး မဲရုံအတွင်းအချိန်မီရောက်ရှိရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးကိုလည်း ပြင်ဆင်ထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆက်သွယ်မှုစနစ်များကိုလည်း ကွပ်ကဲမှုရုံးများနှင့် ချိတ်ဆက်၍ ပြန်လည်စစ်ဆေးရန် လိုအပ်မည်ဖြစ်ပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ တိုင်းမှူး က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီဖွဲ့စည်းထားရှိမှု၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၏ရပ်ကွက်/ကျေးရွာအုပ်စု၊ အိမ်ထောင်စုနှင့်အသက်အပိုင်းအခြားအလိုက် အိမ်ထောင်စုလူဦးရေစာရင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်များတည်ရှိမှုနှင့်ရွေးကောက်ပွဲကျင်းပနိုင်မှုအခြေအနေများ၊ ရွေးကောက်ပွဲ အပိုင်းအလိုက်ကျင်းပမည့် မြို့နယ်များတွင် မဲဆန္ဒရှင်ဦးရေ၊ မဲရုံများနှင့် မဲရုံဇုန်လျာထားမှု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များစာရင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအား အပိုင်းလိုက်ဆောင်ရွက်စဉ် မြို့နယ်အလိုက် မဲပေးစက်များလျာထားမှုနှင့်ခွဲဝေရရှိမှု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် မဲပေးစက်များရွှေ့ပြောင်းမည့်အစီအမံများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

27-Dec-2025