ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာပေါင်းမြို့၊ အမှတ်(၂)ရပ်ကွက် မြို့သစ်(၄)လမ်းကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၆

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်ခရိုင်၊ သာပေါင်းမြို့၊ အမှတ်(၂)ရပ်ကွက် မြို့သစ်(၄)လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာသာပေါင်းမြို့၊ အမှတ်(၂)ရပ်ကွက် မြို့သစ်(၄)လမ်း ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သယံဇာတရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် သာပေါင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ်တွင်ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၃၂၀)ပေ၊ အကျယ်(၁၆)ပေနှင့်၊ ထု(၈)လက်မရှိကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့၊ သဲဖြူကျေးရွာ တောင်သူဒေါ်ရင်လှ၏ စိုက်ဧက(၂၀)ဧကတွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းနေကြာ(စံပြစိုက်ခင်း) စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများအား နေကြာမျိုးစေ့များပေးအပ်ကာ Super Sun-41 နေကြာမျိုးစေ့များကို တောင်သူများကစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး ဆီဖူလုံရေးအတွက်ဖြစ်နိုင်သည့်နေရာများတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နေကြာစိုက်ခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်ကြရန်နှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်း သိရသည်။

26-Dec-2025