ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်
ပုသိမ် ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက“ အလှပန်းအစဉ်ဖြာဝေ”သီချင်းဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မောင်တို့မယ်တို့သည် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး မိမိတို့ဝါသနာနှင့် ရရှိသည့် အမှတ်များပေါ်မူတည်၍ ဘာသာရပ်များရွေးချယ်ကာ တက်ရောက်ပညာသင်ယူနေကြပြီ ဖြစ်ပါကြောင်း၊ မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းသည် အလယ်အလတ်အဆင့် ပညာရှင်များကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အလယ်အလတ်အဆင့်ပညာရှင်များဖြစ်သည့် မောင်တို့မယ်တို့နှင့် အင်အားများဖြင့် ပူးပေါင်းဆောင်ရွက်သွားပါက ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး တက္ကသိုလ် (မအူပင်)သည် မြန်မာနိုင်ငံတွင် ဒုတိယမြောက်ဖွင့်လှစ်သည့် တက္ကသိုလ်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်သည့်ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင် အထွက်နှုန်းရောက်ရှိရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ ပန်းတိုင် အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ရာတွင် မောင်တို့မယ်တို့၏ အင်အားများစွာ လိုအပ်ပါေကြာင်းနှင့် တိုင်းဒေသကြီးအား စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်အောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရန်လိုပါကြောင်း” ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပထမနှစ်စိုက်ပျိုးရေးဒီပလိုမာသင်တန်း၊ ပထမနှစ် မွေးမြူရေးဒီပလိုမာသင်တန်း၊ ဒုတိယနှစ်စိုက်ပျိုးရေးဒီပလိုမာသင်တန်း၊ ဒုတိယနှစ် မွေးမြူရေးဒီပလိုမာသင်တန်းတွင် ထူးချွန်သူများအား ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့သည်။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းတွင် စိုက်ပျိုးထားသည့် မျောက်ငိုပင်ဖြစ်များဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီး အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို မှာကြား ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ အမှတ်(၅)ရပ်ကွက်၊ မဲရုံအမှတ်(၁)နှင့် အမှတ်(၄)ရပ်ကွက်၊ မဲရုံအမှတ်(၁)သို့သွားရောက်၍ ယခုလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအတွင်းအပြင် လုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်၊ မီးဘေးလုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်တို့ကိုမှာကြားခဲ့သည်။