ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နည်းပညာတက္ကသိုလ်(ပုသိမ်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်
ပုသိမ် ဒီဇင်ဘာ ၂၄
နည်းပညာတက္ကသိုလ်(ပုသိမ်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတက်ရောက်ခဲ့ကြသည်။
ဦးစွာ နည်းပညာတက္ကသိုလ်(ပုသိမ်)ကျောင်းသား၊ ကျောင်းသူများက“ သိပ္ပံနှင့်နည်းပညာ” သီချင်းဖြင့် ကပြဖျော်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ကျင်းပ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့သည် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး မိမိတို့မျှော်မှန်းထားသည့် တက္ကသိုလ်အသီးသီးကိုရွေးချယ်ကာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုသင်ယူ၍ အနာဂတ်တွင်နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် ဗလငါးတန်နှင့် ပြည်စုံသော လူငယ်လူရွယ်များဖြစ်အောင် ကြိုစားရမည့်သူများဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ သည် မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြည်သူများအား အလုပ်အကျွေးပြုရမည့် သူများလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သည့်အတွက် လယ်ယာသုံးစက်ကိရိယာများ တီထွင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ မောင်တို့မယ်တို့သည် စာပေကဏ္ဍအပြင် အားကစားကဏ္ဍ၊ အနုပညာကဏ္ဍ များတွင်လည်း ထူးချွန်ထက်မြက်သူများဖြစ်အောင်ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ယခုနှစ် တက္ကသိုလ်များဇုန် ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ပုသိမ်ဇုန် အမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းအနေဖြင့် ရွှေတံဆိပ်ဆုများရရှိခဲ့ကြပါကြောင်း၊ မြန်မာ့ ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင်လည်း အဆင့်မြင့်ပညာအဆင့်တွင်ဘာသာရပ်များအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရေးကြိုးစားကြစေလိုကြောင်း၊ နည်းပညာတက္ကသိုလ် (ပုသိမ်) အနေဖြင့် တိုင်းဒေသကြီးအား အလုပ်ကျွေးပြုနိုင်မည့် စီမံကိန်းများ လျာထားစဉ်းစား၍ အောင်မြင်စေရန်နှင့် လက်တွေ့အသုံးချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြ စေလိုကြောင်း” နှုတ်ခွန်းဆက် စကားများပြောကြားပြီး နည်းပညာတက္ကသိုလ်(ပုသိမ်)အတွက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် နည်းပညာ တက္ကသိုလ်(ပုသိမ်) အီလက်ထရောနစ်အင်ဂျင်နီယာဌာန၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်း အချက်အလက်နည်းပညာဌာနတို့မှ ကျောင်းသူလေးများက “ကမ္ဘာတည်သရွေ့” သီချင်းဖြင့် ကပြဖျော်ဖြေမှုအားလည်းကောင်း၊ နည်းပညာတက္ကသိုလ် (ပုသိမ်) မြို့ပြအင်ဂျင်နီယာဌာနနှင့် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန ကျောင်းသူလေးများက “ပန်းတိုင်းပွင့်သည် မြန်မာပြည်” သီချင်းဖြင့် ကပြဖျော်ဖြေမှုအားလည်းကောင်းကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ကျောင်းသား၊ ကျောင်းသူများ၏ 66/33/11KV လျှပ်စစ်ဓာတ်အားခွဲရုံ၊ PLC ကိုအခြေခံ၍ ပြုလုပ် ထားသော အလိုအလျောက်ထိန်းသိမ်းမောင်းနှင်သော Car Parking စနစ်၊ PLC ကိုအခြေခံ၍ ထောင်လိုက်စနစ်ဖြင့် အလိုအလျောက်မောင်းနှင်သောတံတား၊ Elastomeric Bearings (ရော်ဘာ အခံတုံးများ)အသုံးပြု၍ ငလျင်ဒဏ်ခံအဆောက်အအုံများ၏ ဘေးအန္တရာယ်ကင်းရှင်းမှုကို မြှင့်တင်ခြင်း၊ ခံနိုင်ရည်ရှိသော အင်ဂျင်နီယာအတတ်ပညာ ငလျင်ဒဏ်ခံတံတား တည်ဆောက်ရေး ကဏ္ဍသစ်၊ Convention Center (ဘက်စုံသုံးခန်းမကြီး)တစ်ခု၏ ဒီဇိုင်းပိုင်းဆိုင်ရာ စိတ်ဖြာ လေ့လာခြင်း၊ သဘာဝ လေဝင်လေထွက်၊ သဘာဝအလင်းရောင် အသုံးချမှုနှင့် မိုးရေစုဆောင်းခြင်း စသည့် GreenDesign (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပုံစံထုတ်မှု)များ ပါဝင်သော RC နှစ်ထပ် လူနေအိမ်၏ပိုင်းခြားစိတ်ဖြာခြင်း၊ မြေပဲတောင့်ချွေစက်၊ လျှပ်စစ်ဆိုင်ကယ်၊ ရေသန့်ရေခဲစက်၊ ကောက်စိုက်စက်၊ အလိုအလျောက်ကောက်ပဲသီးနှံအခြောက်လှမ်းစနစ်၊ လက်လှုပ်ရှားမှုဖြင့် ထိန်းချူပ်သော ကားစနစ်၊ PLC Based Automatic Car Washing System၊ အွန်လိုင်းမှ ရုပ်ရှင်လက်မှတ်ဝယ်ယူခြင်းစနစ်၊ ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် လုပ်ငန်းအချိန်ဇယား သတ်မှတ်ခြင်း၊ ပုံစံထုတ်ခြင်းနှင့်ကုန်ကျစရိတ်တွက်ချက်ခြင်း၊ စိုက်ပျိုးသီးနှံ အထွက်တိုးရေးအထောက်အကူပြုစနစ်၊ စားသောက်ဆိုင်လုပ်ငန်းမှ အွန်လိုင်းဝန်ဆောင်မှုပေးသည့် စနစ်စသည့် Project ပြခန်းအား လည်းကောင်းကြည့်ရှအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရန်ကုန်လမ်း မိုင်၁၀၅/၂မှ ၁၀၅/၅အထိ (၃)ဖာလုံအား မူလကတ္တရာလမ်းမှ အကျယ်(၃၀)ပေ၊ ထု(၁၀)လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီရေး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။