ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ လမန်းကျေးရွာအုပ်စု၊ မိုးသပြုကျေးရွာ တွင်ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
ပုသိမ် ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ လမန်းကျေးရွာအုပ်စု၊ မိုးသပြုကျေးရွာတွင် (၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးသပြုကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖြန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာအတွင်း လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မိုးသပြုကျေးရွာ အတုလရံသီကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များတင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းေဒသကြီးတွင် စိုက်ပျိုးရေးမွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်မည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကိုဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျေးလက်နေလူဦးရေများပြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသူများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစသည့်ဆီထွက်သီးနှံများအပြင် ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက်ဖြစ်နိုင်သည့်နေရာများတွင် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ရပ်တည်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်းတိုးတက်ရေးနှင့် အနုပညာကဏ္ဍများတွင် အောင်မြင်မှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားကဏ္ဍတွင်လည်း အားကစားရုံများပြုပြင်တည်ဆောက်ခြင်း၊ အားကစားကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို မွေးထုတ်ပေးလျက်ရှိပါကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးသပြုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့သွားရောက်၍ Grade -12 သင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင် camp သွင်း သင်ကြားပေးနေမှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေးကို ဂရုစိုက်နေထိုင်ကြ၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူးချွန်ချွန်ဖြင့် အောင်မြင်ရေးအတွက် ကြိုးစားကြရမည်ဖြစ်ကြောင်း" ဆွေးနွေးမှာကြားကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။