ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်၊ စည်ကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်
ပုသိမ် ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စု၊ စည်ကုန်းကျေးရွာ တွင်ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့၍ ကျေးရွာအတွင်း လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စည်ကုန်းကျေးရွာတွင် ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ လျှပ်စစ်မီးရရှိရေး ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအား စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်တောင်သူလယ်သမားနေ့ရောက်တိုင်း သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆွေးနွေးပွဲများပြုလုပ်၍ ရလာဒ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယသီးနှံနွေစပါးသည် ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိပြီးဖြစ်ပါကြောင်း၊ တောင်သူများ၏ လယ်ယာမြေများတွင် မြေဆီလွှာပျက်စီးမှုကို ပြန်လည်ကောင်းမွန်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များကို ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းတွင် ထည့်သွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ရပ်တည်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်းတိုးတက်ရေးနှင့် အနုပညာကဏ္ဍများတွင် အောင်မြင်မှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)သည် မြန်မာနိုင်ငံတွင် ဒုတိယမြောက်ဖွင့်လှစ်သည့် တက္ကသိုလ်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်သည့်ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပတော့မည်ဖြစ်ရာ ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့် ဒေသကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ လွတ်လပ်ရေးရရှိပြီးကတည်းက ယနေ့ထက်တိုင် ခိုင်မာစွာတည်ရှိနေသည့် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင် သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ ဥပဒေနှင့် ပတ်သက်၍ အသိပညာရှိသူများကို ရွေးချယ်၍ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း ပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇလွန်မြို့၊ လမ်းမတော်မြောက်ရပ်ကွက်၊ စံပယ်(၇)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ ကွန်ကရစ်လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ဇလွန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေမှဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည်(၆၆၈)ပေ၊ အကျယ်(၁၀)ပေနှင့် ထု(၆)လက်မရှိကြောင်းသိရသည်။