ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မောင်တို့မယ်တို့သည် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်ပညာရပ်များ ဆည်းပူးနိုင်ရန် မိမိတို့ဝါသနာပါရာ ဘာသာရပ်များကိုရွေးချယ်၍ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးကို တက်ရောက်ပညာသင်ယူနေကြပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ပြုလုပ်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝန်းများအတွင်း အရိပ်ရလေကာပင်များ စိုက်ပျိုးရန်နှင့် တက္ကသိုလ်၏ပုံရိပ်ကို ပေါ်လွင်စေသည့် ကံ့ကော်၊ စိန်ပန်း၊ ပိတောက်ကဲ့သို့သော အပင်များစိုက်ပျိုးရန်လိုကြောင်း၊ မောင်တို့မယ်တို့အား နိုင်ငံတော်က အားထားရသော ICT ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားသွားကြရန်လိုပါကြောင်းနှင့် အနာဂတ်တွင် နိုင်ငံ့တာဝန်များ ပုခုံးပြောင်းထမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

23-Dec-2025