ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၃

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ကျောင်းသား၊ ကျောင်းသူများက“ ဧရာဝတီရဲ့ နှလုံးသား” သီချင်းဖြင့် အခမ်းအနားအား သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ပြုလုပ်လျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့သည် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး မိမိတို့မျှော်မှန်းထားသည့် တက္ကသိုလ်အသီးသီးကိုရွေးချယ်၍ အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ယူကြကြရမည့်သူများဖြစ်ပြီး တိုင်းဒေသကြီး၏ လူ့စွမ်းအားအရင်းအမြစ်များလည်းဖြစ်ကြပါကြောင်း၊ စိုက်ပျိုးရေးမွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်မည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကိုလည်းဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ် အဆောက်အဦများတည်ဆောက်ရာတွင် ရေရှည်အတွက် ကြိုတင်မျှော်တွေး၍ Master Plan ချမှတ်ကာ စနစ်တကျ ရေးဆွဲတည်ဆောက်ရန်လိုကြောင်း၊တက္ကသိုလ်ဝန်းများအတွင်း အရိပ်ရလေကာပင်များ စိုက်ပျိုးရန်နှင့် တက္ကသိုလ်၏ပုံရိပ်ကို ပေါ်လွင်‌စေသည့် ကံ့ကော်၊ စိန်ပန်း၊ ပိတောက်ကဲ့သို့သော အပင်များ စိုက်ပျိုးရန်လိုကြောင်း၊ မောင်တို့မယ်တို့သည် တက္ကသိုလ်ပညာရပ်များ သင်ယူနေစဉ်ကာလအတွင်း မိမိတို့၏ကျောင်းတော်ကြီးစိမ်းလန်းစိုပြေရေးနှင့် ပန်းပေါင်းဝေဆာသည့် ကျောင်းတော်ကြီးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ရေသယံဇာတ၊ မြေသယံဇာတများပေါကြွယ်ဝပြီး လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် မောင်တို့မယ်တို့၏ အင်အားများဖြင့် ပေါင်းစပ်ဆောင်ရွက်ပါက ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ လူ့စွမ်းအား အရင်းအမြစ်များလာမည့် မောင်တို့မယ်တို့အား နိုင်ငံတော်နှင့် တိုင်းဒေသကြီးမှလည်း လွန်စွာအားထားပါကြောင်း၊ ထို့အပြင်မောင်တို့မယ်တို့သည် စာပေကဏ္ဍ၊ အားကစားကဏ္ဍ၊ အနုပညာကဏ္ဍများတွင်လည်း ထူးချွန်ထက်မြက်သူများဖြစ်အောင်ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အား နိုင်ငံတော်က အားထားရသော ICT ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင်ကြိုးစားသွားကြရန်လိုပါကြောင်း” နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

23-Dec-2025