ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ နင်းကြမ်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်
ပုသိမ် ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ နင်းကြမ်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဒေသခံပြည်သူများ၏ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများကလည်း မိမိတို့၏ အခက်အခဲများကို တင်ပြပေးစေလိုကြောင်း”ပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နင်းကြမ်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း Grade-12 သင်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ “ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စမှပင်တွန်းအားပေး ကြပ်မတ်ဆောက်ရွက်လျက်ရှိပါကြောင်းနှင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကိုလည်း ပြုလုပ်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် သင်ခန်းစာများကို နေ့စဉ်ကျက်မှတ်နေရန်လိုအပ်ပြီး မိမိတို့မသိနားမလည်သည့် ဘာသာရပ်များကို ဆရာ၊ ဆရာမများထံမေးမြန်းဆွေးနွေးရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ေကြာင်း” ပြောကြားပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။