ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ စိန်ရတုဓမ္မသာလဗိမာန်တော်တွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများအား နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂)သောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပြီး ယနေ့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများအား ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ (၃)လအတွက် ခြောက်သောင်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးခွင့်ရသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို အချက်အလက်များစိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်‌ပေးလျက်ရှိပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့် ဒေသကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ လွတ်လပ်ရေးရရှိပြီးကတည်းက ယနေ့ထက်တိုင် ခိုင်မာစွာတည်ရှိနေသည့် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင် သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ ဥပဒေနှင့် ပတ်သက်၍ အသိပညာရှိသူများကို ရွေးချယ်၍ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များစစ်ဆေးခြင်း၊ ထောက်ပံ့ငွေထုတ်ပေးနေမှုများ၊ မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ဒေါင့်ကြီးရိုးမဒေါ့ကျေးရွာအုပ်စု၊ ငှက်ပျောတောကွင်း ကျေးရွာတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာ၊ တောင်သူဦးမောင်မောင်သန်း၏ စိုက်ဧက(၅.၀၀) ဧကတွင်စိုက်ပျိုးထားသည့် Suryakiran (အိန္ဒိယနေကြာစပ်မျိုး)၂ဝ၂၅ -၂ဝ၂၆ ခုနှစ်၊ နေကြာစံပြစိုက်ခင်းအား ကြည့်ရှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်း‌ဒေသကြီးဝန်ကြီးချုပ်က ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ နေကြာစိုက်ခင်းခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် မြေသြဇာကျွေးခြင်း၊ ရေပေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်းသိရသည်။

21-Dec-2025