ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း မြောင်းမြမြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ ဒုတိယအကြိမ်သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းခြင်း အခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ ဒုတိယအကြိမ်သူနာပြု-သားဖွားဒီပလိုမာ အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြသူနာပြုသင်တန်းကျောင်း (၃)ကျောင်း၌ တိုင်းဒေသကြီး၏ ကျန်းမာရေးကဏ္ဍအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည်မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်နှင့်အညီ ကျေးလက်နေလူဦးရေလည်း များပြားပါကြောင်း၊ သူနာပြု-သားဖွားဒီပလိုမာရရှိခဲ့သည့် သင်တန်းသား၊ သင်တန်းသူများသည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးမည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် မိမိတို့၏ဝါသနာကိုအရင်းခံ၍ တက်ရောက်လျှောက်ထားသူများပြားပါကြောင်း၊ မြောင်းမြသူနာပြု သင်တန်းကျောင်းမှ (၂၀၂၄)ခုနှစ်တွင် သူနာပြု သင်တန်းသား/သူ စုစုပေါင်း (၆၉)ဦး၊ (၂၀၂၅)ခုနှစ်တွင် (၅၄)ဦး စုစုပေါင်း (၁၂၃)ဦးကိုမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ကျန်းမာရေး ကဏ္ဍသည် အရေးကြီးသည်နှင့်အမျှ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သောမျိုးချစ်စိတ်ဓာတ် ပြည့်ဝသော နိုင်ငံအကျိုးပြု သူနာပြု ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လိုအပ်သည်များကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ ကျန်းမာရေးကဏ္ဍအတွက် လူ့စွမ်းအားအမြစ်များဖြည့်ဆည်းဆောင်ရွက်ပေးမည့် မောင်တို့မယ်တို့အား ကျေးလက်နေပြည်သူများအပါအဝင် ပြည်သူများအားလုံးကလည်း စောင့်ကြိုနေမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တာဝန်ရှိသူများက သားဖွား- ဒီပလိုမာရရှိခဲ့သည့် သင်တန်းသား၊ သင်တန်းသူ (၅၄) ဦးတို့အား သူနာပြု- သားဖွားဒီပလိုမာ အောင်လက်မှတ်များအပ်နှင်းပေးခဲ့ကြသည်။

21-Dec-2025