ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း၏ အဋ္ဌမအကြိမ်သူနာပြု- သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်
ပုသိမ် ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း၏ အဋ္ဌမအကြိမ်သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့တွင် တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်းပုသိမ်နှင့် ဟင်္သာတတို့တွင် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားများဆောင်ရွက်လျက်ရှိပြီး မြောင်းမြ သူနာပြုသင်တန်းကျောင်းတွင်လည်း နောက်နေ့တွင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု၏ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးမည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါကြောင်း၊ သူနာပြု-သားဖွားများသည် ကိုဗစ်ကာလအတွင်း၌ပင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကြံ့ကြံ့ခိုင်ခိုင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် မိမိတို့၏ဝါသနာကိုအရင်းခံ၍ တက်ရောက်လျှောက်ထားသူများပြားပါကြောင်း၊ တိုင်းဒေသကြီးသည် ေကျးလက်နေလူဦးရေများပြားပြီး ကျန်းမာ ရေးစောင့်ရှောက်မှုများလည်း လိုအပ်နေမည်ဖြစ်ပါကြောင်း၊ သူနာပြု- သားဖွားဒီပလိုမာရရှိပြီး မိမိတို့၏တာဝန်ကျရာဒေသကို သွားရောက်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်၍ မည်သည့် အခြေအနေမျိုးမှာမဆို လူနာများကို ပစ်ပယ်ထားခြင်းမပြုဘဲ ပြုစု စောင့်ရှောက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ စေတနာကိုအရင်းခံ၍ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမည့် သူနာပြုသားဖွားများကိုလည်း ဂုဏ်ယူပါကြောင်း၊ ယနေ့သူနာပြု-သားဖွားဒီပလိုမာရရှိသူများသည် နိုင်ငံအတွက် တိုင်းဒေသကြီးအတွက် ကျန်းမာရေးကဏ္ဍကို အကျိုးပြုနိုင်သည့် နိုင်ငံ့သားကောင်းရတနာများဖြစ်ကြပါစေကြောင်း” ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း၏ အဋ္ဌမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားတွင် သင်တန်းသားသင်တန်းသူ(၅၉) ဦးတို့အား သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်များ အပ်နှင်းခဲ့ကြောင်းသိရသည်။