ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ နဝမအကြိမ်သူနာပြု- သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ပုသိမ်မြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ နဝမအကြိမ်သူနာပြု- သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်း (၃)ကျောင်းတွင် သူနာပြုအတတ်ပညာများ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး သင်တန်းဆင်း သူနာပြုဆရာ/ ဆရာမများသည် ယခုအချိန်တွင် နေရာဒေသသီးသီးတွင် တာဝန်ကျေပွန်စွာဖြင့် ပြည်သူ့ အကျိုးကိုထမ်းဆောင်နေကြပြီဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း မိမိအသက်ကိုပဓာနမထားဘဲ ကျန်းမာရေးလုပ်ငန်းများကို ရှေ့တန်းကျကျ ဆောင်ရွက်ခဲ့ သည်ကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ မိမိတို့ကျရာဒေသများ၌ တာဝန်ထမ်းဆောင်ကြသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ များအား အရင်းခံ၍ ကျန်းမာရေးလုပ်ငန်းအား ထဲထဲ ဝင်ဝင်ဖြင့် လူနာများအား မိမိတို့ တတ်မြောက်ထားသည့် ကျန်းမာရေးအတတ်ပညာများဖြင့် အစွမ်းကုန်ပြုစုရန်လိုပါကြောင်း၊ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေး အတွက် မိမိတို့တာဝန်ကျသည့် နေရာဒေသတွင်လည်း ပြည်သူများအပေါ် စေတနာအရင်းခံထားပြီး မိမိတို့၏ သွေးသားရင်းများသဖွယ် ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် နွေးထွေးစွာ ပြုစု စောင့်ရှောက်ပေးကြရန်လည်း မှာကြားလိုပါကြောင်း၊ သာမန်လူများ ၊ သာမန်စိတ်ဓာတ်များနှင့် မလုပ်နိုင်သော သူနာပြု-သားဖွား အလုပ်ကိုဂုဏ်ယူစွာ၊ကျေနပ်စွာဖြင့် အကောင်းဆုံး လုပ်ဆောင်သွားကြရန်နှင့် ကောင်းမွန်သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းသွားကြပါလို့ အထူး တိုက်တွန်းလိုပါကြောင်း၊ သူနာပြုများရဲ့ အဓိကတာဝန်ဟာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးခြင်း ဖြစ်တာကြောင့် မည်သည့် အခြေအနေမျိုးမှာမဆို လူနာများကို ပစ်ပယ်ထားခြင်းမပြုဘဲ ပြုစု စောင့်ရှောက်ကြဖို့ အထူးမှာကြားလိုပါကြောင်း၊ သူနာပြု-သားဖွားများဟာ နိုင်ငံတော်ရဲ့ လိုအပ်ချက်အတွက် တစ်ထောင့် တစ်နေရာမှာဖြည့်တင်းလုပ်ကိုင်ရင်း မိမိတို့ကိုယ်ကို မိသားစု၊ ပတ်ဝန်းကျင်နဲ့ပြည်သူလူထု တစ်ရပ်လုံးအတွက် အလုပ်အကျွေး ပြုပြီး ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို ဦးဆောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်း” အမှာစကားပြောကြားခဲ့ပြီး တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး တာဝန်ရှိသူများက ပုသိမ်မြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ နဝမအကြိမ်သူနာပြု- သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားတွင်သင်တန်းသားသင်တန်းသူ (၈၉) ဦးတို့အား သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်များအပ်နှင်းပေးခဲ့ကြသည်။

20-Dec-2025