ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ပညာရတနာခန်းမတွင် ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး၏ လူ့စွမ်းအားအမြစ်များအဖြစ် မွေးထုတ်ပေးမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဆောင်သစ်များအား ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ပေးလျက်ရှိသည့်အပြင် ဒေသခံပြည်သူများ၊ စေတနာရှင်အလှူရှင်များက ကျောင်းဆောင်သစ်များဆောက်လုပ်လှူဒါန်းကြသည်ကိုလည်း ဝမ်းမြောက်စွာတွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စမှပင်တွန်းအားပေး ကြပ်မတ်ဆောက်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်မှ ဆရာကြီးဆရာမကြီးများနှင့် အခြေခံပညာအထက်တန်းကျောင်းများရှိ ဘာသာရပ်သင်ဆရာ၊ဆရာများတွေ့ဆုံ၍ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ပထမအကြိမ်ပြုလုပ်ပြီးဖြစ်၍ ဒုတိယအကြိမ်ဆွေးနွေးပွဲများကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး တက္ကသိုလ်မှ ဆရာကြီးဆရာမကြီးများနှင့် အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ရရှိတဲ့အချိန်များတွင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးမွေးမြူရေးကို အထောက်အကူပြုမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ကျောင်းသားကျောင်းသူများ၊ ဆရာ၊ မိဘများအပြင် ဒေသခံပြည်သူများ၊ စေတနာရှင်အလှူရှင်များနှင့် တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်ပေးကြရန်လိုပါကြောင်း ” ပြောကြားပြီး ဆရာ၊ ‌ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင်က“ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မင်္ဂလာတရားတော်များနှင့်အညီ နေထိုင်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းမှုရှိသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုများရရှိမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပညာရေးသည် တိုင်းပြည်၏ရင်းနှီးမြှုပ်နှံမှုရတနာရွှေအိုးဖြစ်ပါကြောင်းနှင့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း” နှုတ်ခွန်းဆက်စကားပြောကြားပြီး တေးသီချင်းဖြင့် ဖျော်ဖြေခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီးနောက် ကျောင်းဆောင်သစ်အား တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပညာရေးဝန်ကြီးဌာနသို့ ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ခဲ့ကာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက “ ဇာတိမာန်” သီချင်းဖြင့်သီဆိုဖျော်ဖြေကာ အခမ်းအနားအား အောင်မြင်ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

19-Dec-2025