ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အိမ်မဲမြို့နယ်တွင်ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော်အခမ်းအနားတက်ရောက်
ပုသိမ် ဒီဇင်ဘာ ၁၉
ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းအုပ်စု၊ လက်ပံကုန်းကျေးရွာတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ အနောက်တောင်တိုင်း စစ်ဌာချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်လုံးဆိုင်ရာ (၅၅)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အလံတင်အခမ်းအနားကို ကျင်းပရာ ရှေးဦးစွာကရင်အမျိုးသားအလံတော်အား သယ်ဆောင်ကြပြီး နာယကကြီးများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကရင်အမျိုးသားအလံတော်အား အမွှေးနံသာရည်များ ပက်ဖျန်းပေးသည်။ ယင်းနောက် နှစ်သစ်နှုတ်ခွန်းဆက်စကားဖတ်ကြားပြီး အခမ်းအနားကို ပဒိုးမှုတ်၍ ဖွင့်လှစ်ပေးပြီး အိမ်မဲမြို့နယ်လုံးဆိုင်ရာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပခဲ့သည်မှာ (၅၅)ကြိမ်မြောက် ရှိသည်ဖြစ်၍ အထိမ်းအမှတ်အနေဖြင့်ဖားစည် (၅၅)ချက်တီးကာ ကရင်အမျိုးသားအလံတော်အား ကြိုးဖြင့်ချည်၍ အလံတော်အား တိုင်ထိပ်သို့လွှင့်တင်ကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်မန်းငြိမ်းမောင်က မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို စုပေါင်းဒုံးအကဖြင့် ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော်အခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် သဘာပတိနှင့်အဖွဲ့ နေရာယူကြပြီးနောက်အခမ်းအနားအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် သဘာပတိ အဖိုးမန်းငြိမ်းမောင်က ဖားစည်တီး၍ ဖွင့်လှစ်ပေးသည်။ဆက်လက်၍ လက်ပံကုန်းကျေးရွာကျောင်းတိုက်ဆရာတော် ဉူးဥက္ကာဗလက မေတ္တာသုတ်ရွတ်ဖတ်၍ ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာမွန်ဆီညော် ပီဦးဝင်းသန်းက ဆုတောင်းမေတ္တာပို့သခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် သဘာပတိ အဖိုးမန်းငြိမ်းမောင်က ဖတ်ကြားခဲ့ပြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် မိမိတို့၏ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများကို လန်ဆန်းတက်ကြွရွှင်မြူးစွာဖြင့် တွေ့မြင်ရသည်မှာ လွန်စွာကျက်သရေရှိပါကြောင်း၊ ကရင်အမျိုးသားချစ်စိတ်ကို ဖော်ဆောင်၍ ထိန်းသိမ်းလာကြသည့်အတွက် ကရင်တိုင်းရင်းသားတစ်ယောက်အနေဖြင့်ဂုဏ်ယူပါကြောင်း၊ ယခုလ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်ပါကြောင်းနှင့် မိမိတို့၏ ပြည်သူအပေါ် လေးစားတန်ဖိုးထားသည့် ခေါင်းဆောင်မျိုး၊ မိမိတို့၏ နိုင်ငံအတွက်ကိုယ်ကျိုးစွန့်အနစ်နာခံသည့် ခေါင်းဆောင်မျိုး၊ နိုင်ငံအပေါ်ချစ်မြတ်နိုးပြီး နိုင်ငံအပေါ်သစ္စာရှိသည့်ခေါင်းဆောင်မျိုး၊ အရည်အချင်းရှိသော ခေါင်းဆောင်မျိုးကို မိမိတို့၏ တန်ဖိုးရှိသည့် အသဲကြားမှမဲတစ်ပြားဖြင့် ရွေးချယ်ထမ်းတင်ပေးကြရန်လိုပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် နေရာဒေသအသီးသီး၌ အလှည့်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည်လူမျိုးပေါင်းစုံ အတူတကွရင်းနှီးချစ်ကြည်စွာ နေထိုင်ကြပြီး တည်ငြိမ်အေးချမ်းမှုရှိသော၊ ဖွံ့ဖြိုးတိုးတက်မှုများအရှိန်အဟုန်ဖြင့် တိုးတက်နေသော တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ တောင်သူများ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတက်ရေးကို အစွမ်းကုန် ကြိုးပမ်းဆောက်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၌ ဗမာတိုင်းရင်းသားပြီးပါက ကရင်တိုင်းရင်းသားအများဆုံး ပျံ့နှံ့နေထိုင်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအား ဖွံ့ဖြိုးသည်ထက်ဖွံ့ဖြိုးတိုးတက်အောင် လူ့စွမ်းအားအရင်းအမြစ်များပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ကရင်တိုင်းရင်းသားများလည်း အပါအဝင်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး အကြားအလပ်မရှိအောင် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကြီးဖြစ်အောင် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးကြစေလိုကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ဖတ်ကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ကာ ကရင်အမျိုးသားသီချင်းသီဆို၍ ရုပ်သိမ်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကရင်တိုင်းရင်းသားသက်ကြီးဘိုးဘွားများနှင့် သဘာပတိအဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ကရင်ရိုးရာကောက်သစ်စားပွဲတော်ကျင်းပရာ ကရင်ရိုးရာကောက်သစ်စားပွဲတော်အကြောင်းအား ရှင်းလင်းပြောကြားပြီး ကရင်ရိုးရာကောက်သစ်စားပွဲတော်တွင် စပါးစောင့်လိပ်ပြာ အား ပင့်ဖိတ်၍မိသားစုများပျော်ရွှင်စွာ ကောက်သစ်စားပွဲကျင်းပခဲ့ပြီး စည်းလုံးခြင်းသီချင်းဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်တော်များဟည် ကောက်သစ်စားပွဲတွင် ပျော်ပျော်ရွှင်ရွှင်ပါဝင် ဆင်နွဲခဲ့ကြသည်။