ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့်တွေ့ဆုံ

ပုသိမ် ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မအူပင်မြို့ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)သို့သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မောင်တို့မယ်တို့သည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး မိမိတို့ရွေးချယ်သည့် ဘာသာရပ်အလိုက် တက်ရောက်ပညာသင်ယူနေကြသူများဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)သည် မြန်မာနိုင်ငံတွင် ဒုတိယမြောက်ဖွင့်လှစ်သည့် တက္ကသိုလ်ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များဖြစ်လာကြမည့် မောင်တို့မယ်တို့ကိုလည်း များစွာဂုဏ်ယူပါကြောင်း၊ အလယ်အလတ်အဆင့်ပညာရှင်များ မွေးထုတ်ပေးနိုင်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းကိုလည်း မြောင်းမြမြို့တွင် ဖွင့်လှစ်ထားပါကြောင်းနှင့် ခရိုင်(၈) ခရိုင်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း(၈)ကျောင်းကိုဖွင့်လှစ်ထားရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး နှစ်စဉ်‌တောင်သူလယ်သမားနေ့တိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ရာ နွေစပါး၊ မတ်ပဲ၊ အစေ့ထုတ်ပြောင်းစသည့် သီးနှံများသည် ပန်းတိုင်အထွက်နှုန်းကို ရောက်ရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျေးလက်နေလူဦးရေများပြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းတစ်ခုခုကိုအဓိက လုပ်ကိုင်ကြသူများဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ဝင်းအတွင်း အရိပ်ရလေကာပင်များ စိုက်ပျိုးရန်နှင့် တက္ကသိုလ်၏ရှေ့မျက်နှာစာတွင် တက္ကသိုလ်၏ပုံရိပ်ကို ပေါ်လွင် စေသည့် ကံ့ကော်၊ စိန်ပန်း၊ ပိတောက်ကဲ့သို့သော အပင်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်းတိုးတက်ရေးနှင့် အနုပညာကဏ္ဍများတွင် အောင်မြင်သူများဖြစ်အောင်လည်း ကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း၊ မကြာမီရက်သတ္တပတ်ကာလအတွင်း လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲ များပေးရာတွင် တိုင်းပြည်နှင့် ဒေသကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက် နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ လွတ်လပ်ရေးရရှိပြီးကတည်းက ယနေ့ထက်တိုင် ခိုင်မာစွာတည်ရှိနေသည့် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင် သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ ဥပဒေနှင့် ပတ်သက်၍ အသိပညာရှိသူများကို ရွေးချယ်၍ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်) ပညာသင်ယူပြီး ကျောင်းဆင်းလာမည့် မောင်တို့မယ်တို့သည် စိုက်ပျိုးမွေးမြူရေး ပညာရှင်များ ဖြစ်လာမည်ဖြစ်၍ တိုင်းဒေသကြီးအနေဖြင့် အားထားပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းအရည်အသွေး ကောင်းမွန်စေရေး၊ တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ်ရပ်တည်နိုင်ရေး၊ နေကြာပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက်လည်း သုတေသနလုပ်ငန်းများကို တက္ကသိုလ်ရှိဆရာကြီး၊ ဆရာမကြီးများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း” ပြောကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့၊ မြသီရိလမ်းမြေကာနံရံပြုလုပ်ခြင်း(မြို့ရှောင်လမ်းနှင့်စိမ်းမြကန်သာလမ်းကြား တောင်ဘက်ခြမ်း (၂၉၈'×၆")နှင့် မြောက်ဘက်ခြမ်း(၃၉၆'×၆")လုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ရွှေဘုန်းမြင့်ဘုရားလမ်း (ဘုရားအနောက်ဘက်)လမ်းဘေးအုတ်ရေမြောင်းနှင့်ပလက်ဖောင်းပြုလုပ်ခြင်း (မြို့ရှောင်လမ်းဘေးရေမြောင်းနှင့် ခိုင်သော်တာလမ်းကြား (၆၄၃'×၄'x၅'-၆") (၆၄၃'×၅'-၆"x၉')နှင့် ရွှေဘုန်းမြင့်ဘုရားလမ်း (ဘုရားအရှေ့ဘက်)အုတ်ရေမြောင်းနှင့်ပလက်ဖောင်းပြုလုပ်ခြင်း၊ (အောင်ဇေယျလမ်းမှမင်းလမ်းအထိ)(၂၂၈'x၆")(၂၂၈x၇") ရွှေဘုန်းမြင့်ဘုရားလမ်း(ဘုရားအရှေ့ဘက်) အုတ်ရေမြောင်းနှင့်ပလက်ဖောင်းပြုလုပ်ခြင်း(ပုဗ္ဗာရုံဘုန်းကြီးကျောင်းမှအောင်ဇေယျလမ်းထိ) ၂'(၂၆၈'×၂'-၆"×၃' )+၂(၂၆၈"x၆'-၆")လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။

17-Dec-2025