ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘိုကလေးပညာရေးဒီဂရီကောလိပ် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများက အခမ်းအနားကို "တို့ကျောင်းတို့ဝန်းကျင်” သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စမှနှစ်ဆုံးအထိ တွန်းအားပေးကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း ဆွေးနွေးပွဲများကို ပြုလုပ်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆောင်ရွက်ရာတွင် ဆရာ၊ မိဘ၊ ကျောင်းသားကျောင်းသူများ ပူပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများဖြစ်လာကြမည့် မောင်တို့မယ်တို့သည် နောင်တစ်ခေတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ၏ လက်ဦးဆရာများဖြစ်ကြပြီး တပည့်များ၏ စံနမူနာပြဖြစ်အောင် ကြိုးစားနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ၄နှစ်သင်တန်းပြီးဆုံးပြီးပါကအလယ်တန်းပြဆရာ၊ ဆရာမများဖြစ်လာကြမည်ဖြစ်ရာ မိမိတို့၏ တပည့်များ အလယ်တန်းအဆင့်ကိုအရည်အချင်းရှိရှိတတ်မြောက် အောင်မြင်ပါက တက္ကသိုလ်၀င်စာေမေးပွဲတွင် အောင်ချက်မြင့်မားလာစေမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် ကျောင်းသူလူငယ်လူရွယ်များအတွက် တိုင်းဒေသကြီးမှနှစ်စဉ်မွေးထုတ်ပေးလိုက်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး မိမိတို့၏တပည့်များအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်သောသူများဖြစ်ကြပါစေကြောင်း” ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားပြီး ဘိုကလေးပညာရေးဒီဂရီကောလိပ်အတွက် ချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများနှင့်အတူ နေ့လယ်စာများအတူတကွသုံးဆောင်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဘိုကလေးပညာရေးဒီဂရီကောလိပ်(၂၉၀ပေ×၃၆ပေ)သံကူကွန်ကရစ် လေးထပ်စာသင်ဆောင်တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှချမှတ်ထားသည့် အဆောက်အဦဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန်၊ လူအင်အား၊ အသုံးပြုနိုင်သည့်စက်ယန္တရားများအသုံးပြုပြီးနေ့ဆိုင်း၊ ညဆိုင်းဖြင့်ဆောင်ရွက်ရန်၊ အဆောက်အဦဆောက်လုပ်ရာတွင်အရည်အသွေးများပြည့်မီရေးအပြင် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးကော်မတီအဆင့်ဆင့်ကလည်း၀ိုင်း၀န်းကြပ်မတ်ပေးရန် မှာကြားခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာ တောင်သူဦးတင်စိုး၏ စိုက်ဧက(၃)ဧကတွင်စိုက်ပျိုးထားသည့် အောင်နိုင်တိုးစပါးမျိုးအား ယူရီးယား-သဘာဝမြေဩဇာရောစပ်ကြဲပက်နေမှုများနှင့် ဒုတိယသီးနှံနွေစပါးစိုက်ခင်းများ၏ ကန်သင်းဘောင်တွင် ဆင်းရွှေကြာ၂ နေကြာမျိုးများအား ကျင်းစနစ်ဖြင့် စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ နေကြာစိုက်ခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံခဲ့ရာ ဘိုကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး က ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ကျေးရွာနေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးဆောင်ရွက်ပေးရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး ဆီဖူလုံရေးအတွက်နေကြာစိုက်ပျိုးခြင်းကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကို အခြေခံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအား သန့်ရှင်းသာယာ၍ စိမ်းလန်းစိုပြေသော တိုင်းဒေသကြီးဖြစ်ရန်နှင့် အားလုံးက တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။