ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ သန့်ရှင်းသောသောက်သုံးရေ ပိုမိုရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ သန့်ရှင်းသောသောက်သုံးရေ ပိုမိုရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကိုယနေ့နက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများသော တိုင်းဒေသကြီးဖြစ်ပြီး ကျေးလက်ဒေသတွင် နေထိုင်သူ (၈၅) ရာခိုင်နှုန်းရှိပါကြောင်း၊ နိုင်ငံတော်မှ ကျေးလက်ဒေသတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ဘဏ္ဍာနှစ်အလိုက် လျာထားအကောင်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မိမိတို့တိုင်းဒေသကြီးသည် ကောင်းမွန်သောရေအရင်းအမြစ်မှ ရေရယူသုံးစွဲနိုင်မှုရာခိုင်နှုန်းသည် မြို့ပြနှင့်ကျေးလက်ဒေသစုစုပေါင်းတွင် ၇၅% သာရှိသေးသည်ကိုတွေ့ရှိရပါကြောင်း၊ ယခုထက်ပိုမို၍ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပေးရန်လိုအပ်လျက်ရှိပြီး တာဝန်ရှိသူများအားလုံးဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရှိရေးအတွက် အိမ်တိုင်ရာရောက် ရေသွယ်စနစ်များ၊ မိုးရေလှောင်ကန်များ၊ မြေသားရေလှောင်ကန်များ၊ မြေအောက်အဝီစိတွင်းများတူးဖော်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာအားလုံးအတွက် ရရှိနိုင်ရန် လိုအပ်‌နေသေးပါကြောင်း၊ တိုင်းဒေသကြီးအတွင်း သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက်ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ပြည်သူများကလည်း သန့်ရှင်းသောသောက်သုံးရေနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိပြီး မြစ်ချောင်းများအတွင်းစည်းကမ်းမဲ့ အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများ၊ အမှိုက်စွန့်ပစ်မှုများမရှိစေရန် လိုက်နာဆောက်ရွက် ကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သန့်ရှင်းသောသောက်သုံးရေ ရရှိမှုတိုးတက်စေရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ဆွေးနွေးပွဲကိုပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက မြို့နယ်အလိုက်ကျေးလက်ရေရရှိရေးဆောင်ရွက်ပေးရမည့် အစီအမံများအားလည်းကောင်း၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ဧရာဝတီတိုင်းဒေသကြီး၏ ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အခြေအနေအားလည်းကောင်း၊ အခြေခံပညာဦးစီးဌာနမှ စာသင်ကျောင်းများတွင် ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အခြေအနေများအားလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေနှင့်ဆက်စပ်ဖြစ်ပွားတတ်သောရောဂါများနှင့် သန့်ရှင်းသောသောက်သုံးရေရရှိရေး၏ အရေးပါမှုများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ မြို့အလိုက် ရေပေးဝေရေးအတွက် ရေရယူသည့် အရင်းအမြစ်များ၊ ရေသန့်စင်နည်းစနစ်များ၊ ရေပေးဝေရေးစနစ်များ၊ လည်ပတ်ထိန်းသိမ်းမှုနှင့် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအားလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုအခြေအနေ၊ စိုက်ပျိုးရေ၊ သောက်သုံးရေအတွက် ဆည်မြောင်းတမံစသည့် ရေပေးဝေရေးဆိုင်ရာ အခြေခံအဆောက်အအုံများမှ ရေရယူသုံးစွဲနိုင်မှု အခြေအနေများအားလည်းကောင်း၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာတွင် ကျေးလက်နေပြည်သူများကိုယ်တိုင်အောင်မြင်စွာ လည်ပတ်ထိန်းသိမ်းဆောင်ရွက်နေသောကျေးလက်ရေရရှိရေးနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အကြောင်းကိုလည်းကောင်း၊ အသင်းအဖွဲ့များနှင့် မိတ်ဖက်အဖွဲ့များက ကျေးလက်ရေရရှိရေး၊ ရေသန့်စင်စနစ်များ၊ ကျန်းမာရေးနှင့်တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာများအား လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

16-Dec-2025