ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးအတွက် မဲစာရင်းတွင် ပါရှိရမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များလည်း ရှိနေရမည်ဖြစ်ပါကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား အချက်အလက်ပြည့်စုံစွာဖြင့် အချိန်မီနိုင်ငံသားစိစစ်ရေးကတ်များ ရရှိရေးဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲစာရင်းတွင်ပါဝင်ပြီး ဆန္ဒမဲပေးနိုင်ရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ တောင်သူများ၏ စိုက်ဧကများမှန်ကန်ရေး၊ အထွက်နှုန်းတိုးတက်ရေးအတွက် စိုက်တိုးမြှင့်အဖွဲ့များက မြေပြင်ကွင်းဆင်းကြပ်မတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပူပြင်းခြောက်သွေ့သော ကာလကိုရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးကိုလည်း ဂရုပြုရန်လိုအပ်မည်ဖြစ်ပြီး အသိပညာပေးဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ‌အောင်ချက်မြင့်မားရေးအတွက် တာဝန်ရှိသူများအပြင် မြို့မိမြို့ဖများကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းအရည်အသွေး ကောင်းမွန်စေရေး ဝိုင်းဝန်း ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း” ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးက ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ်၊ Grade-11, Grade-12 တွင် ပညာသင်ကြားနေသော အသက်(၁၈)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများ မဲစာရင်းတွင်ပါရှိရေး၊ မဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီး ဌာနမှူးက Grade-11, Grade-12 တွင် ပညာသင်ကြားနေသော အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသည့် ကျောင်းသား/ကျောင်းသူများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည့် အခြေအနေအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

14-Dec-2025