တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ပုသိမ် ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဆန်စပါးနှင့်ပတ်သက်သည့်လုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများကို အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးဆုံးတိုင်းဒေသကြီးဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုများရှိသောကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများလာရောက်ရင်းနှီးမြှုပ်နှံသဖြင့် တိုးတက်မှုများလည်းရှိလာပါကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်တင်ပြဆောင်ရွက်ရခြင်းများလည်းရှိပါကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စနှင့် ကုမ္မဏီအမည်ပြောင်းလဲခွင့်ပြုပါ ရန် တင်ပြခြင်းကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမည်ဖြည့်စွက်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ကုမ္ပဏီတည်နေရာပြောင်းလဲဆောင်ရွက်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ တာဝန်ရှိသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ကာ လိုအပ်သည်များ ကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး“ တည်ဆောက်ရေးလုပ်ငန်းများကို စဉ်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် တင်ပြလျှောက်ထားလာမှုများကို လုပ်ထုံး၊ လုပ်နည်းများနှင့်ညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဟိုတယ်နှင့် တည်းခိုရိပ်သာအဆောက်အဦများတိုးချဲ့ခြင်းလုပ်ငန်းများကိုလည်း တင်ပြမှုများရှိလာပါကြောင်း၊ ဟိုတယ်နှင့်တည်းခိုရိပ်သာ အဆောက်အဦများဆောက်လုပ်ရန်လုပ်ငန်းရှင်များ၏ တင်ပြမှုများအပေါ် ကော်မတီအနေဖြင့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်ဆေးတင်ပြရန်လိုအပ်ပြီး မြေအသုံးချမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများကလည်း တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူးက တည်းခိုရိပ်သာလိုင်စင်ခွင့်ပြုပေးပါရန်ကိစ္စ၊ ဟိုတယ်လိုင်စင်ခွင့်ပြုပေးပါရန်ကိစ္စ၊ အခန်းတိုးချဲ့တည်ဆောက်ခွင့်ပြုပါရန်ကိစ္စ၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီး သက်တမ်းတိုးအခွန် အကောက်လိုင်စင်ကြေး ပေးသွင်း ဆောင်ရွက်ထားသည့် ဟိုတယ်၊တည်းခိုရိပ်သာ (၂၉)လုံး၏ လုပ်ငန်း လိုင်စင်များအားသက်တမ်းတိုး ဆောင်ရွက်ပေးခဲ့မှုများအပေါ် အစည်း အဝေးမှ အတည်ပြုပေးနိုင်ပါရန်နှင့် သက်တမ်းတိုး ထပ်မံတင်ပြသည့် ဟိုတယ်၊ တည်းခိုရိပ်သာ (၁၆) လုံးနှင့်ဧည့်လမ်းညွှန် (၁) ဦးတို့အား သက်တမ်းတိုးခွင့်ပြုပါရန်ကိစ္စ၊ တည်းခိုရိပ်သာလိုင်စင်စာရင်း မှ ပယ်ဖျက်ခွင့်ပြုနိုင်ပါရန်ကိစ္စ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ငှက်ကျွန်းအား ခရီးစဉ်နေရာအဖြစ် စမ်းသပ်လုပ်ကိုင်ခွင့် ခွင့်ပြုပေးထားမှုအပေါ် လုပ်ငန်း စည်းကမ်းချက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေသို့ ငွေပေးသွင်းနိုင်ရေး အတည်ပြုနိုင်ပါရန်ကိစ္စရပ်များနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ချက်များနှင့် ခရီးသွားဝင်ရောက်တည်းခိုမှုများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ခွင့်ပြုထားသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွင့်လှစ်ပြီးသောသင်တန်းများ၏ မှတ်တမ်း၊ Video Clip ပြသခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးခဲ့တင်ပြခဲ့ကြပြီးနောက် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။