ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုအားပေး
ပုသိမ် ဒီဇင်ဘာ ၁၃
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ကျုံတွမ်ကျေးရွာရှိ ဂွတ်ဘရားသား ကုမ္ပဏီ လိမိတက်၏ ရိုဘတ်စတာ ကော်ဖီသီးနှံစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး ကော်ဖီ စိုက်ပျိုးရေး လုပ်ငန်းများရေရှည် တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးနိုင်ရေး၊ နှစ်ရှည်ပင်များအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး မှာကြားခဲ့ကာ ကုမ္ပဏီမှပြသထားသည့် စက်ပစ္စည်းများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြား ပျက်စီး/ပျောက်ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ် ဆောင်ရွက်ပေးခြင်းနှင့် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြား ပျက်စီး/ပျောက်ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ် ဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအနေဖြင့် ရာနှုန်းပြည့်ကျော်လွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား တတိယအကြိမ်ကြေညာကပ်ထား ပေးသွားမည်ဖြစ်ပါကြောင်းနှင့် မဲပေးခွင့် အခွင့်အရေးများဆုံးရှံးမှုမရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ သွားရောက်ကြည့်ရှုရန် လိုပါကြောင်း၊ Grade-12 ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများတွင်လည်း အသက်(၁၈)နှစ်ပြည့်ပြီးသူများ ပါမည်ဖြစ်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ မရရှိသေးပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း” ပြောကြားပြီး ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ခေါင်းဆေးကျွန်းကျေးရွာအုပ်စုရှိ ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံပဲပုပ်-ပဲကြီးရောနှော တစ်ကွင်းတစ်စပ်ဧက(၇၀)စိုက်ခင်းရှိ တောင်သူဦးသန်းထွန်း၏ စိုက်ဧက( ၈) ဧကတွင် စိုက်ပျိုးထားသည့် ပဲပုပ်(ဆီတိုးရွက်ချွန်းမျိုး) ရိတ်သိမ်းနေမှုများနှင့် ပဲပုပ်ရိတ်သိမ်းပြီး၍ ပဲကြီးပင်ကျန်ရှိမှုများကိုကြည့်ရှုအားပေးပြီး တစ်ဧကအထွက်နှုန်းများ၊ ဈေးကွက်အတွင်းရောင်းချရမှုအခြေအနေများကို မေးမြန်းခဲ့ပြီး ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေး၊ ပဲပုတ်ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ ပဲပုတ်- ပဲကြီးရိတ်သိမ်းပြီးစီးပါက ဒုတိယသီးနှံထပ်မံစိုက်ပျိုးနိုင်ရေးကို မှာကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတမြို့နယ်၊ အင်္ဂပိုကျေးရွာရှိ တောင်သူဦးနိုင်ဝင်း၏ နနွင်း(၁)ဧကစိုက်ခင်းနှင့် ပီလောပီနံကိုင်းရှုပ်(ယိုးဒယား) (၁.၅၀)ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး တစ်ဧကအထွက်နှုန်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်၊ ဈေးကွက်ရောင်းချရမှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး အောင်မြင်အောင်ဆောင်ရွက်စေရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်၊ ဓမ္ဘီကျေးရွာ တောင်သူဦးကျော်ကျော်ဆွေ၏ စိုက်ဧက(၁.၅၀)တွင်စိုက်ပျိုးထားသည့်ရေဆင်းစပ်မျိုး(၁)နေကြာ စိုက်ခင်းတွင် မြေဘောင်တင်ခြင်းနှင့် အပင်အားဆေးဖျန်းနေမှုများကို ကြည့်ရှုအားပေးပြီး စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်အောင် ဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။